မကွေး
မတ် ၃
စားသုံးသူ အကာအကွယ်ပေးရေးနှင့်
ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ အသိပညာပေးပြခန်းကို မတ်လ ၂ ရက်နေ့မှ မတ်လ ၄ ရက်နေ့အထိ
မကွေးကုန်စည်ဒိုင်ခန်းမတွင် ဖွင့်လှစ်ပြသသွားမည်ဖြစ်ရာ အဆိုပါ ပြခန်းဖွင့်လှစ်ပြသနိုင်ရေး
အတွက် မကွေးတိုင်းဒေသကြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူ
ရေးရာဦးစီးဌာနမှ ကြီးမှူး ကျင်းပဆောင်ရွက်သည်။
စားသုံးသူအကာအကွယ်ပေးရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ
အသိပညာပေး ပြခန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့
စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးဦးဇော်မင်းနှင့် စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စွာဝင်းတို့က
ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်စွာဝင်းက ဒီအသိပညာပေးပြပွဲလေးကနေ
အများပြည်သူနဲ့ ကျောင်းသား/ကျောင်းသူတွေကို အစားအသောက်နဲ့ပတ်သက်ပြီး ဘယ်ထုတ်ကုန်တွေက
စားသုံးရန်သင့်တယ်၊ ဘယ်ထုတ် ကုန်တွေကတော့ စားသုံးရန်မသင့်ဘူးဆိုတဲ့ အသိပညာ ရစေချင်တဲ့
ရည်ရွယ်ချက်နဲ့ဆောင်ရွက် ဖြစ်တာပါဟု ပြောသည်။ ယင်းပြပွဲသည် မကွေးတိုင်းဒေသကြီးအတွင်း
ပထမ ဦးဆုံးပြပွဲဖြစ်ကြောင်း စားသုံးသူအကာအကွယ်ပေးရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ
အသိပညာပေးပြခန်းဖွင့်လှစ် ဆောင်ရွက်ထားရှိမှုအား အများပြည်သူသိရှိပြီး လေ့လာနိုင်ရန်အတွက်
ပြီးခဲ့သည့် ဖေဖော်ဝါရီ ဒုတိယပတ်ကစတင်ကာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ကျေးရွာများသို့
အသိပေးအကြောင်း ကြားမှုတွေ ပြုလုပ်ထားပါတယ်ဟု ၎င်းက ပြောသည်။ ပြခန်းတွင် လူသုံးကုန်ပစ္စည်းများ၊
မီးဖိုချောင် သုံးပစ္စည်းများ၊စားသောက်ကုန်များ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု မရှိသောကုန်ပစ္စည်းများ၊
ထုတ်ကုန် လုံခြုံစိတ်ချရမှု ရှိသောပစ္စည်းများ၊ အသိပညာပေးလက်ကမ်းစာစောင်များ၊ဗဟုသုတ စာစောင်များ၊
ကျန်းမာရေးစာစောင်များ၊ခင်းကျင်းပြသထားရှိပြီး လာရောက်လေ့လာကြည့်ရှုသူများကို စားသုံးသူ ရေးရာဦးစီးဌာန
တိုင်းဒေသကြီးရုံး တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြောကြားပြသမှုများ ပြုလုပ်ပေးသွားမည်ဟု
ဦးကျော်စွာဝင်း ကပြောသည်။
စားသုံးသူရေးရာဦးစီးဌာန၏
မူဝါဒအတိုင်း အများပြည်သူ အသိပညာ ရရှိစေရေးအတွက် ဟောပြောပွဲများ၊ ဈေး၊ ကျောင်းများ၏
ဈေးဆိုင်များကို လိုက်လံစစ်ဆေးခြင်း၊အသိပညာပေးခြင်း၊ သင်တန်းပေးခြင်း၊ ပြခန်းများဆောင်ရွက်ခြင်း
များနှင့် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိရန် တို့အတွက် စားသုံးသူအကာ အကွယ်ပေးရေးနှင့်
ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ အသိပညာပေး ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ရန်ရှိသည်ဟု
သိရပြီး အစားအသောက် နှင့် ဆေးဝါးကွက်ကဲမှု ဦးစီးဌာနမှ ပြည်သူတွေကြား အန္တရာယ်ရှိသည့်
အစားအသောက်များ ရှောင်ရှားနိုင်ရန်အတွက် အသိပညာပေးခြင်း၊ လုပ်ငန်းရှင်များအား စနစ်တကျ
ကောင်းမွန်သော ထုတ်ပိုးမှုနည်းစနစ်များကို ထုတ်လုပ်နိုင်ရန် အတွက် အသိပညာပေးခြင်းများအပြင်
အရေးယူမှုများလည်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အဆိုပါ စားသုံးသူအကာအကွယ်ပေးရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ
အသိပညာပေး ပြခန်း ဖွင့်လှစ်ပွဲသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းဘဏ္ဍာရေးနှင့်စည်ပင်သာယာရေး
ဝန်ကြီးဌာန ဝန်ကြီးနှင့်အတူ တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး၊ အစားအသောက်နှင့်ဆေးဝါး
ကွက်ကဲမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး၊ အသေးစားအလက် စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့နှင့် ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ
တက်ရောက်ခဲ့ကြသည်။
သန်းနိုင်ဦး(ငဖဲ)

No comments:
Post a Comment