Sunday, February 26, 2017

မြန်မာစာအုပ် လောကကို တိုးတက် မြင့်မားစေမည့် Yangon Book Plaza ဖွင့်ပွဲကျင်းပ



ရန်ကုန် ဖေဖော်ဝါရီ (၂၆)
Yangon Book Plaza ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ လမ်းမတော် မြို့နယ်ရှိ သံဈေး အဆောက်အအုံ ငါးလွှာ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် Yangon Book Plaza ဥက္ကဋ္ဌ ဒေါ်သက်သက်နိုင်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။










ထို့နောက် ဆရာ မောင်သွေးသစ်က Yangon Book Plaza ဖွင့်ပွဲ အထိမ်းအမှတ် “စာအုပ်တက္ကသိုလ် ကျောင်းဗဟို” ကဗျာကို ရွတ်ဆိုသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က စာဖတ်ဝါသနာ ပါသူများသည်  စာအုပ်ဆိုင်သို့ ရောက်ကြကြောင်း၊ စာပေသမားသည် စာကြည့်တိုက်နှင့် စာအုပ်ဆိုင် ပတ်ဝန်းကျင်များ၌သာ ပျော်မွေ့သည့် သဘော ရှိကြောင်း၊ နိုင်ငံတကာ စာအုပ်ဆိုင်များ နည်းတူ ယခု Yangon Book Plaza သည်လည်း အကောင်းဆုံး၊ အပြည့်စုံဆုံး ဆိုင်ကြီးတစ်ဆိုင် ဖြစ်သည်ဟု မြင်ပါကြောင်း၊ Yangon Book Plaza သည် မြန်မာစာပေ၊ မြန်မာ စာအုပ်လောကကို တစ်ခေတ် ပိုပြီး တိုးတက် မြင့်မားအောင် ဆောင်ရွက်နိုင်ပါစေ၊ မြန်မာ စာပေလောကကို ဒီထက်မက တိုးတက်အောင် မြှင့်တင် ပေးနိုင်ပါစေ၊ Yangon Book Plaza အောင်မြင်ပါစေလို့ ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက Yangon Book Plaza ဖွင့်ပွဲ အထိမ်းအမှတ် ဂုဏ်ပြုစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန် မြို့တော်ဝန်နှင့် အဖွဲ့သည်  စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး Yangon Book Plaza အတွင်း ခင်းကျင်း စီစဉ်ထားမှုများကို လှည့်လည် ကြည့်ရှုကြသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် ပထမဆုံး Yangon Book Plaza ကို နေ့စဉ် နံနက် ၁၀ နာရီမှ ည ၉ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်သွားမည် ဖြစ်သည်။ Yangon Book Plaza တွင် ကလေး ကစားကွင်း၊ ကော်ဖီဆိုင်၊ လက်ဆောင် ပစ္စည်း အရောင်းဆိုင်၊ စားသောက်ဆိုင်၊ စာအုပ်မျိုးစုံ ရောင်းချမည့် စာအုပ်ဆိုင်ကြီး နှစ်ဆိုင်၊ စာပေတိုက် ၃၀ မှ စာအုပ် ဆိုင်ခန်းများ၊ ဖျော်ဖြေရေး စင်မြင့်များ၊ စာအုပ်အဟောင်း အရောင်းဆိုင်တန်း၊ အင်္ဂလိပ် စာအုပ်သီးသန့် အရောင်းဆိုင်နှင့် စာချစ်သူ အများပြည်သူ နားနေရန် နေရာများ ပါရှိသည်။
ထို့ပြင် Yangon Book Plaza ကော်မတီက တစ်နှစ်လျှင် လက်ရွေးစင် စာအုပ် ၁၂ အုပ်ကို ရွေးချယ်ကာ စာအုပ် ရေးသားသူ စာရေးဆရာ၊ ဆရာမကြီးများအား ဂုဏ်ပြု ချီးမြှင့်မည် ဖြစ်ကြောင်းနှင့် ဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၇ ရက်အထိ ၀ယ်ယူသော စာအုပ် တန်ဖိုး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထိ လျှော့ဈေးများဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment