Sunday, February 26, 2017

၂၀၁၇ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲ အခမ်းအနား ကျင်းပ



နေပြည်တော် ဖေဖော်ဝါရီ ၂၆
၂၀၁၇ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ ဖိတ်ကြား ထားသည့် ဧည့်သည် တော်များနှင့် အားကစား ဝါသနာရှင် ပရိသတ်များ တက်ရောက် ကြသည်။
ထို့နောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံး ပြိုင်ပွဲ (က)အဆင့် ဗိုလ်လုပွဲ အဖြစ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အသင်းနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အသင်းက ၁ ဂိုး၊ ဂိုးမရှိဖြင့် အနိုင် ရရှိသွားသည်။
ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ (ခ) အဆင့်နှင့် (က) အဆင့် ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆု ရရှိသည့် အသင်းများ၊ (ခ) အဆင့်နှင့် (က) အဆင့်ပြိုင်ပွဲတွင် တတိယဆု ရရှိသော အသင်းများ၊ (ခ) အဆင့်နှင့် (က) အဆင့်ပြိုင်ပွဲတွင် ဒုတိယဆု ရရှိသော အသင်းများ၊ (ခ) အဆင့် ပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံး အားကစား သမားဆုများနှင့် (ခ) အဆင့်ပြိုင်ပွဲတွင် ပထမဆု ရရှိသော အသင်း၊ (က) အဆင့်ပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံး အားကစား သမားဆုများနှင့် (က) အဆင့် ပြိုင်ပွဲတွင် ပထမဆု ရရှိသော အသင်းတို့အား တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ဘောလုံးပြိုင်ပွဲ (ခ)အဆင့်ပြိုင်ပွဲတွင် ပထမဆု ရရှိသော အမှတ်(၅၅) ခြေမြန် တပ်မဌာနချုပ် ကိုယ်စားပြု အသင်းအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ တံခွန်စိုက် ဆုဖလား၊ ဆင့်ပွား ဆုဖလားနှင့် ငွေသားဆုများအား ပေးအပ် ချီးမြှင့်ပြီး ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ (က)အဆင့် ပြိုင်ပွဲတွင် ပထမဆုရရှိသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အသင်းအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ တံခွန်စိုက် ဆုဖလား၊ ဆင့်ပွား ဆုဖလားနှင့် ငွေသားဆုများအား ပေးအပ် ချီးမြှင့်သည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ် (၁၁၆)ဆု၊ ငွေတံဆိပ် (၅၇)ဆုနှင့် ကြေးတံဆိပ် (၄၉)ဆု စုစုပေါင်း ဆုတံဆိပ် (၂၂၂)ဆုဖြင့် ဆုအများဆုံး ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု အသင်းအား တံခွန်စိုက် ဒိုင်းဆုနှင့် ငွေသားဆုများကို ပေးအပ် ချီးမြှင့်ရာ အသင်း အုပ်ချုပ်သူ အရာရှိက လက်ခံရယူသည်။
ထို့နောက် မီးရှူးမီးပန်းများ ပစ်ဖောက်၍ ၂၀၁၇ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲ အခမ်းအနားအား အောင်မြင်စွာ ပိတ်သိမ်း ခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment