Thursday, February 23, 2017

ငါ့သရောက်မြို့နယ် ဆည်ကျေးရွာမှ အခြေခံသမဝါယမအသင်းသားများအား (၈)ကြိမ်မြောက် မြို့နယ်သမဝါယမအသင်းစု ပံ့ပိုးချေးငွေများ လာရောက်ထုတ်ချေး

ငါ့သရောက်  ဖေဖော်ဝါရီ  ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကျော်နှင့် ဝန်ထမ်းများက ဖေဖော်ဝါရီ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီက ငါ့သရောက်မြို့နယ် ဆည်ကျေးရွာ လယ်ယာနှင့် အထွေထွေစီးပွားရေး လီမိတက်မှ အခြေခံသမဝါယမ အသင်းသားများအား မြို့နယ်သမဝါယမ အသင်းစု ပံ့ပိုးချေးငွေများ လာရောက် ထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ယင်းသို့ ငါ့သရောက်မြို့နယ် ဆည်ကျေးရွာရှိ လယ်ယာနှင့် အထွေထွေစီးပွားရေးလီမိတက်မှ အခြေခံသမဝါယမ အသင်းသားများကို မြို့နယ်သမဝါယမ အသင်းစု၏ ပံ့ပိုးချေးငွေများ ထုတ်ချေးပေးရာတွင် ရှေးဦးစွာ ညောင်ဦးမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကျော်က ချေးငွေများ မထုတ်ချေးမီ သမဝါယမ အသင်းသားများအား အဖွင့် အမှာစကား ပြောကြားရာ၌ ယခုလို ဆည်ကျေးရွာရှိ အခြေခံသမဝါယမ အသင်းသားများအား ချေးငွေများ လာရောက် ထုတ်ချေးပေးရခြင်းမှာ ကျေးလက်နေပြည်သူများအား ဆင်းရဲမှုလျှော့ချနိုင်ရန်နှင့် လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်  မြင့်မားလာစေရန် ရည်ရွယ်၍ ချေးငွေများ ထုတ်ချေးပေးနေခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် အသင်းသားများကို ယခု  ထုတ်ချေးပေးသည့်ချေးငွေများမှာ မိမိတို့မြို့နယ်သမဝါယမအသင်းစု၏ ပံ့ပိုးချေးငွေများဖြစ်ပါကြောင်း၊ အသင်းသားများက ချေးငွေများ ပေးဆပ်ရာတွင် ချေးငွေထုတ်ချေးသည့်ငွေပမာဏ၏ ဆယ်ရာခိုင်နှုန်းကို တွက်ပြီး အရင်းအတိုးအား (၁၀)လ တိတိ ပြန်လည်ပေးဆပ်ရမည် ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဆည်ကျေးရွာ လယ်ယာနှင့် အထွေထွေစီးပွားရေးလီမိတက်အသင်းဥက္ကဋ္ဌ ဦးစိုးမောင်က အသင်းသားများကို တစ်လ(၁)ကြိမ် ချေးငွေများ  အတိုးအရင်း ပေးဆပ်ရာတွင် သတ်မှတ်ရက်များအတွင်း အချိန်မီ ပေးဆပ်သွားကြရန် အကြံပြုတိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ညောင်ဦးမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးကျော်ကျော်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများက ဆည်ကျေးရွာ လယ်ယာနှင့် အထွေထွေစီးပွားရေးလီမိတက်အသင်းမှ အသင်းသား(၁၄၃)ဦးအတွက် မြို့နယ်သမဝါယမအသင်းစုမှ ပံ့ပိုး ချေးငွေ ကျပ်(၁၁၇၆၀၀၀၀ိ/-)နှင့် အသင်းသားများ၏ စုဆောင်းငွေအပေါ် အတိုးရငွေ(၅၃၉၃၅၀ိ/-)တို့အား အသင်းဥက္ကဌ ဦးစိုးမောင်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ရဲဝင်းနိုင်(ညောင်ဦး-ပြန်/ဆက်) 

No comments:

Post a Comment