Friday, February 24, 2017

သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း(ခ) စီမံကိန်းတည်ဆောက်မှု စတင်ခြင်း အခမ်းအနားကျင်းပ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် ဖွင့်လှစ်


ရန်ကုန်-ဖေဖော်ဝါရီ ၂၄
          
ရန်ကုန်မြို့နှင့် ကီလိုမီတာ ၂၀ အကွာအဝေးတွင်တည်ရှိသည့် သီလ၀ါအထူးစီးပွားရေုးဇုန် အပိုင်း(ခ)စီမံကိန်း တည်ဆောက်မှု စတင်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန် တောင်ပိုင်းခရိုင် သီလ၀ါ အထူးစီးပွားရေးဇုန်၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ  ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် ဖွင့်လှစ်ပေးသည်။


 အခမ်းအနားသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ သီလ၀ါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ  ဦးဆက်အောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး  H.E. Mr. Tateshi Higuchi , Myanmar Japan Thilawa Development Co., Ltd. (MJTD) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ JICA မှ တာဝန်ရှိသူများ၊   Myanmar Japan Thilawa SEZ Holdings Public Co., Ltd. (MTSH)မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြန်မာသီလ၀ါအများပိုင်ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒေသခံရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 ရှေးဦးစွာ Myanmar Japan Thilawa Devlopment Limited ဥက္ကဋ္ဌ ဦးသိန်းဟန် က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က “မိမိတို့နိုင်ငံတွင် သီလ၀ါ၊ ထားဝယ်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် (၃)ခုကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ သီလ၀ါအထူးစီးပွားရေးဇုန်သည် ရှေ့အရောက်ဆုံးဖြစ်နေသောဇုန်ဖြစ်ပါကြောင်း၊ သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် ဇုန်(A)ကို ရာနှုန်းပြည့်နီးပါးအကောင်အထည်ဖော်ပြီး   ပြည်ပ ပို့ကုန်များကိုထုတ်လုပ်တင်ပို့နေပြီဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများကိုလည်း အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုဆက်လက်၍ ဇုန် (B)ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက် လာမည်ဖြစ်သကဲ့သို့ ဒေသခံပြည်သူများ၏ လူနေမှုဘ၀ မြင့်မားလာအောင်လည်း ပိုမိုဖန်တီးပေးနိုင် မည်ဖြစ်ပါကြောင်း၊ ထို့ပြင် နှစ်ပေါင်း ၆၃ နှစ်ခန့်ရှိလာပြီဖြစ်သည့် မြန်မာ-ဂျပန် နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး အတွက် သီလ၀ါ အထူးစီးပွားရေးဇုန်သည် အရေးပါသည့် ပြယုဂ်တစ်ခုဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ   ဦးဆက်အောင် ၊  ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Haruhiko Ando ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး  H.E. Mr. Tateshi Higuchi ၊  ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe နှင့် တာဝန်ရှိ သူများက အမှာစကားများ ပြောကြားကြပြီး   သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပူးပေါင်းပါဝင်ခဲ့ကြသော ဒေသခံများအား ဂုဏ်ပြုမှတ်တမ်း များ ပေးအပ်ကြသည်။

ထို့နောက် သီလ၀ါအထူးစီးပွားရေုးဇုန် အပိုင်း(ခ)စီမံကိန်းတည်ဆောက်မှုစတင်ခြင်း အခမ်း အနားကို သတ်မှတ်နေရာ၌ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ  ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊   ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ သီလ၀ါ အထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ   ဦးဆက်အောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊   မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး  နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ  ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့်တာဝန်ရှိသူများက   စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် သီလ၀ါအထူးစီးပွားရေုးဇုန် အပိုင်း(ခ) စီမံကိန်း တည်ဆောက်မှု စတင်ခြင်း အခမ်းအနား အထိမ်းအမှတ် သစ်ပင်များကိုစိုက်ပျိုးပေး ကြသည်။

ယခုတိုးချဲ့လိုက်သည့် သီလ၀ါအထူးစီးပွားရေုးဇုန် အပိုင်း(ခ)စီမံကိန်း ပထမအဆင့်သည် ၁၀၁ ဟက်တာ (ဧက ၂၅၀)ရှိပြီး ၂၀၁၈ နှစ်လည်ပိုင်းတွင် ဆောက်လုပ်မှုပြီးစီးရန် မျှော်မှန်းထားကာ အချို့ မြေနေရာများကိုမူ ၂၀၁၇ ခုနှစ် နှောင်းပိုင်းခန့်တွင် ရင်းနှီးမြှုပ်နှံမည့်သူများကို ငှားရမ်းနိုင်မည်ဖြစ် ကြောင်း သိရသည်။

သီလ၀ါအထူးစီးပွားရေးဇုန် ပထမဆင့် စီမံကိန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ် စက်တင်ဘာ  ၂၃ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ယခု သီလ၀ါအထူးစီးပွားရေုးဇုန် အပိုင်း(ခ)စီမံကိန်းကို ၃၉ လ သာအချိန်ယူဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံသူများအကြား စိတ်ဝင်စားမှုများပြားခဲ့သည့် သီလ၀ါအထူးစီးပွားရေးဇုန်၏ အောင်မြင်  မှုကြောင့်ယခုစီမံကိန်းကို ထပ်မံတိုးချဲ့တည်ဆောက်ရခြင်းဖြစ်သည်။ သီလ၀ါအထူး စီးပွားရေုးဇုန်ကို ၂၀၁၄ ခုနှစ် ဇွန်လကတည်းကပင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၈ ခုက စက်ရုံများ ကုန်ထုတ်လုပ်ခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းများအတွက်  ရွေးချယ် ခဲ့ကြရာ ယခုအခါတွင်စက်ရုံ ၂၄ ရုံ စတင်လည်ပတ်လုပ်ကိုင်နေပြီဖြစ်သည်။ သီလ၀ါအထူး စီးပွား ရေုးဇုန် အပိုင်း(ခ)စီမံကိန်းတွင် လက်ရှိ ၉၅ ရာခိုင်နှုန်းအထိ ငှားရမ်းထားပြီဖြစ်ကြောင်း သိရသည်။ မြန်မာ-ဂျပန် သီလ၀ါဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက်ကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလက စတင် တည်ထောင်ခဲ့ ကြောင်း သိရသည်။


လက်ရှိကာလတွင် သီလ၀ါအထူးစီးပွားရေုးဇုန်၏ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁၀၅၅ သန်း ရှိပြီး ယခု အပိုင်း(ခ)စီမံကိန်းဆောက်လုပ်ပြီးစီးပါက  အလုပ်အကိုင် အခွင့် အလမ်းစုစုပေါင်း ၄၀၀၀၀ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment