နေပြည်တော် ဖေဖော်ဝါရီ ၁
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက်
(၂၀၁၇-၂၀၁၈)ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်နှင့် သာမန် အသုံးစရိတ် စုစုပေါင်းငွေကျပ်
(၁၀၇၇ ဒသမ ၈၈၈) ဘီလီယံလျာထားပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင်
ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး တတိယနေ့တွင် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၀န်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ခု၊
အရအသုံး ခန့်မှန်းခြေငွေစာရင်း လျာထားချက်များကို လွှတ်တော်သို့ရှင်လင်းတင်ပြရာတွင်
အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက
၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေ စာရင်းတွင် ကုသရေးဦးစီးဌာန အတွက် သာမန်နှင့်
ငွေလုံးငွေရင်းအသုံးစရိတ်စုစုပေါင်း (၅၂၀ ဒသမ ၁၀၉)ဘီလီယံ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွက်
သာမန်နှင့် ငွေလုံးငွေရင်းအသုံးစရိတ် စုစုပေါင်း (၄၂၈ ဒသမ ၁၄၄) ဘီလီယံ၊ ကျန်းမာရေးလူ့စွမ်းအား
အရင်းအမြစ် ဦးစီးဌာနအတွက် သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်စုစုပေါင်း (၅၀ ဒသမ
၃၅၂) ဘီလီယံ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအတွက် သာမန်နှင့် ငွေလုံးငွေရင်း
အသုံးစရိတ် စုစုပေါင်း (၂၈ ဒသမ ၉၇၂ ) ဘီလီယံ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနအတွက် သာမန်နှင့်
ငွေလုံးငွေရင်း အသုံးစရိတ်စုစုပေါင်း (၂၁ ဒသမ ၉၇၉) ဘီလီယံ၊ တိုင်းရင်းဆေး ပညာဦးစီးဌာနအတွက်
သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်စုစုပေါင်း (၁၅ ဒသမ ၈၂၃) ဘီလီယံ၊ ဆေးသုတေသနဦးစီးဌာနအတွက်
သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် စုစုပေါင်း (၁၀ ဒသမ ၃၅၉) ဘီလီယံ၊ ၀န်ကြီးရုံး
အတွက် သာမန်နှင့် ငွေလုံးငွေရင်း အသုံး စရိတ်စုစုပေါင်း (၂ ဒသမ ၁၅၀) ဘီလီယံ ခွဲဝေထားရှိပါကြောင်း
ရှင်းလင်း တင်ပြသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနသည် ပြည်သူများအား လူမှုရေးဆိုင်ရာ အခွင့်
အရေးများ တန်းတူညီမျှ ရရှိစေမှုကို အခြေခံကာ ပြည်သူလူထုတစ်ရပ်လုံးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး
လုပ်ငန်းများနှင့် မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားသည့် ဘေးအန္တရာယ်အမျိုးမျိုးကြောင့်
ထိခိုက်ပျက်စီး ဆုံးရှုံးမှုများကို လျော့နည်းသက်သာစေရန်နှင့် ဘေးသင့်ပြည်သူများ မူလလူနေမှု
ဘ၀အခြေအနေထက် ပိုမိုကောင်းမွန်သည့် အခြေအနေသို့ ရောက်ရှိစေရန် မူဝါဒ၊ ရည်မှန်းချက်၊
လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်အတွက် သာမန်ရငွေ (၁၀၅၄၁ ဒသမ
၃၅၁)သန်း၊ သာမန် အသုံးစရိတ် (၃၆၈၃၇ ဒသမ ၆၇၈)သန်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ် (၁၅၅၈၁
ဒသမ ၃၀၃) သန်းဖြစ်ပါကြောင်း၊ သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်စုစုပေါင်းမှာ
(၅၂၄၁၈ ဒသမ ၉၈၁)သန်းဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၏
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ၂၀၁၇ခုနှစ်၊ ပြည်ထောင်စု၏
ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း ကိစ္စရပ်များအပေါ် အတည်ပြုခွင့်ပြု ပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီးဌာနသည် တိုင်းရင်းသားများ၏
စာပေနှင့်ယဉ်ကျေးမှု များကိုထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ခြင်းဖြင့်
ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘ၀မြင့်မား
တိုးတက် စေရန်ဆိုသည့် မျှော်မှန်းချက်ထားရှိပါကြောင်း၊ မျှော်မှန်းချက်နှင့်အညီ မူဝါဒ
(၄) ရပ်နှင့် ရည်မှန်းချက် (၅)ရပ်ကို ချမှတ် ထားပါကြောင်း။
ဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈
ဘဏ္ဍာရေးနှစ်အတွက် သာမန်အသုံးစရိတ် ကျပ် ၂၁၉၈ ဒသမ ၀၇၁သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ်ကျပ်
၁၄၇၀ ဒသမ ၉၂၈ သန်း စုစုပေါင်းကျပ် ၃၆၆၈ ဒသမ ၉၉၉ သန်းတင်ပြတောင်းခံထားပါကြောင်း၊ ၂၀၁၇-၂၀၁၈
ဘဏ္ဍာရေးနှစ်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကတင်ပြထားသည့် အသုံးစရိတ်
ကျပ် ၃၆၆၈ ဒသမ ၉၉၉ သန်းကို စိစစ်ခွင့်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း၊
နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးအုန်းမောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်းတို့က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်
အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏
ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေ သုံးငွေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ
ကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက
က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်း လုပ်ငန်းများနှင့် ၂၀၁၇
ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍
လေ့လာတွေ့ရှိချက် အစီရင်ခံစာများကို သက်ဆိုင်ရာပူးပေါင်းကော်မတီများက လွှတ်တော်သို့
အချိန်မီတင် သွင်းနိုင်ရန် အတွက် စိစစ်ရေးပူးပေါင်းအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်
တွေ့ဆုံဆွေးနွေးပြီး အဖွဲ့အသီးသီး၏ စိစစ်တွေ့ရှိချက်များကို ဖေဖော်ဝါရီ ၆ ရက်တွင် နောက်ဆုံးထား၍
ပူးပေါင်းကော်မတီများသို့ ပေးပို့နိုင်ရေး အလေးထား ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊
လွှတ်တော်ကိုယ်စားလှယ်များ တစ်ဦးချင်းအနေဖြင့် မိမိတို့ စိတ်ဝင်စားသည့် ဌာန၊ အဖွဲ့အစည်းများ၏
စိစစ်ရေးပူးပေါင်းအဖွဲ့များ ဆွေးနွေးပွဲသို့ ဆက်သွယ်တက်ရောက် ဆွေးနွေးနိုင်ပါကြောင်း
ပြောကြားသည်။
မော်စီ-အောင်ရဲသွင်
(သတင်းစဉ်)

No comments:
Post a Comment