Wednesday, February 1, 2017

နှစ်(၇၀)ပြည့် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များအား တွေ့ဆုံနှုတ်ဆက်

နေပြည်တော် ဖေဖော်ဝါရီ ၁
နှစ်(၇၀)ပြည့် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် သည် ယနေ့နံနက် (၉) နာရီတွင်  နေပြည်တော်ရှိ အမှတ် (၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း ခန်းမ၌  တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များအား တွေ့ဆုံနှုတ်ဆက်သည်။

ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌက ယဉ်ကျေးမှု အဖွဲ့များ သည် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များအား မိမိတို့၏ ရိုးရာယဉ်ကျေးမှုအကများကို ဖော်ထုတ်ပြသ၊ ကပြဖျော်ဖြေသွား ရမည်ဖြစ်သဖြင့် ဖျော်ဖြေရေးအတွက် အလေးအနက်ထားပြီး လေ့ကျင့်သွားကြရန်၊ ယဉ်ကျေးမှုအဖွဲ့အားလုံးသည် မြန်မာ နိုင်ငံသားဟူသော ပြည်ထောင်စု စိတ်ဓာတ်ကို ဖော်ဆောင်သွားကြရန် မှာကြားသည်။
ရိုးရာယဉ်ကျေးမှုအဖွဲ့များကို ပြည်ထောင်စုနေ့ အခမ်းအနားများသို့ တက်ရောက်ရန် ဖိတ်ကြားရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရိုးရာယဉ်ကျေးမှုအကများကို အပြန်အလှန် ဖလှယ်နိုင်စေရန် ဖြစ်သည်။
ယဉ်ကျေးမှုအဖွဲ့များအား နေပြည်တော်၏ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကြည့်ရှုလေ့လာနိုင်ရန် ဥပ္ပါတသန္တိစေတီတော်၊ နေပြည်တော် ဗုဒ္ဓဂယာ၊ နေပြည်တော် ရေပန်းဥယျာဉ်အပါအ၀င် လေ့လာရေးခရီးစဉ်များ စေလွှတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုနေ့ အခမ်းအနားအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရိုးရာယဉ်ကျေးမှု အဖွဲ့များကို ဖိတ်ကြားခေါ်ယူ ခဲ့ရာ ကချင်ပြည်နယ်မှ ၃၆ ဦး၊ ကယား ပြည်နယ်မှ ၄၀၊ ကရင်ပြည်နယ်မှ ၄၁ ဦး၊ ချင်းပြည်နယ်မှ ၃၂ ဦး၊ မွန်ပြည်နယ်မှ ၃၅ ဦး၊ ရခိုင်ပြည်နယ်မှ ၃၆ ဦး၊ ရှမ်းပြည်နယ်မှ ၃၇ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၃၇ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၃၄ ဦး စုစုပေါင်း ၃၂၈ ဦး ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
နှစ်(၇၀)ပြည့် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အမှတ် (၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းအတွင်းရှိ တည်းခိုဆောင်များ၊ ဆေးပေးခန်း၊ စာကြည့်တိုက်နှင့် ဆပ်ကော်မတီရုံးခန်းတို့ကို လိုက်လံ  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)

No comments:

Post a Comment