Thursday, February 2, 2017

မောင်တောမြို့၌ ရခိုင်ရိုးရာ ရထားဆွဲပွဲတော် ကျင်းပမည်

မောင်တော ဖေဖော်ဝါရီ ၁
ရခိုင်ရိုးရာရထားဆွဲပွဲတော်ကို မောင်တောမြို့၌ မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် တပိုလဆန်း ၁၃ ရက် ၊ ၁၄ ရက်နှင့် ၁၅ ရက် (ဖေဖော်ဝါရီလ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်) နေ့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်ကို မောင်တောမြို့ စည်ပင်သာယာဈေးအရှေ့ဘက် မင်းဘာကြီးလမ်း တစ်လျှောက်၌ ည ၇ နာရီမှ ၉ နာရီ ထိ ကျင်းပသွားမည်ဖြစ်သည်။
``ရခိုင်ရိုးရာရထားဆွဲပွဲတော်ကို မောင်တောဒေသခံပြည်သူတွေရဲ့ဆန္ဒနဲ့အညီ ကျင်းပလိုတဲ့ဆန္ဒရှိပါတယ်၊ ပွဲတော် ကျင်းပရေးကော်မတီတွေလည်း ဖွဲ့စည်းထားပါတယ်၊ လုံခြုံရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ တပ်မတော်နဲ့ ပြည်သူ့အင်အားတွေ ရယူပြီးလုံခြုံရေး အကောင်းဆုံး ဖြစ်အောင်ဆောင်ရွက် သွားမှာဖြစ်ပါတယ်´´ ဟု ရခိုင်ရိုးရာ ရထားဆွဲပွဲတော် ကျင်းပရေးကော်မတီအစည်းအဝေးတွင် မောင်တောခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲထွဋ် က ပြောကြားသည်။
ရခိုင်ရိုးရာ ရထားဆွဲပွဲတော်ကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသား လက္ခဏာ များ မပျောက်ပျက်ရအောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိမ်မြုပ်ပျောက်ကွယ်လု ဖြစ်နေသော ရိုးရာပွဲလမ်းသဘင်များ စည်ကားသိုက်မြိုက်စွာ ကျင်းပလာနိုင်ရေး၊ မျိုးဆက်သစ်လူငယ်များ အတွေ့အကြုံ ဗဟုသုတတိုးပွားစေပြီး ရိုးရာ အစဉ်အလာပွဲတော်များအား ဆက်လက်ထိန်းသိမ်းရေးနှင့်  တိုင်းရင်းသားလူမျိုး အချင်းချင်း မိမိတို့ရိုးရာဓလေ့စရိုက် လက္ခဏာများကို သိရှိရပြီး အချင်းချင်း စည်းလုံး ညီညွတ်စွာ ပူးပေါင်းပါဝင်ဆင်နွှဲနိုင်ရေးဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
ရခိုင်ရိုးရာရထားဆွဲပွဲတော်ကို ရှေးယခင်ကာလများ ကတည်းက ကျင်းပခဲ့ကြောင်းသိရပြီး နောက်ပိုင်းတွင် ကျင်းပမှုမရှိ သလောက်နီးပါးဖြစ်ခဲ့ကြောင်းသိရသည်။ ရခိုင်ရိုးရာ ရထားဆွဲပွဲတော်ကို ၃ နှစ်ဆက်တိုက်ကျင်းပပြီးလျှင် ၁ နှစ် ၂ နှစ်ခန့် မကျင်းပဘဲ နားနေတတ်ကြောင်း၊ ထို့နောက်  ၃ နှစ်ဆက်တိုက်ဆက်လက်ကျင်းပကြောင်း၊ ပွဲတော်ကျင်းပပြီးလျှင် ၁ နှစ် ၂ နှစ်ခန့် ထပ်မံ နားနေ ကြောင်းလည်း သိရသည်။
`` ရခိုင်ရိုးရာရထားပွဲကို ဘယ်နေ့ ဘယ်ရက်ကတည်းက ကျင်းပခဲ့တယ်လို့ အတိအကျမသိရပေမယ့် ရှေးယခင် ရခိုင်မင်းများလက်ထက်က မင်းနေပြည်တော် ကနေ ကျေးလက်ဒေသတွေအထိ ကျင်းပခဲ့ကြတယ်လို့ သိရတယ်၊ နောက်ပိုင်း ပွဲတော်မကျင်းပ ဖြစ်သလောက်နီးပါး ပြတ်တောက်သွားခဲ့တယ်၊ မျိုးဆက်သစ်လူငယ်တွေအတွက် ရခိုင်ရိုး ရာရထားပွဲဆိုတာ မမြင်ဘူး၊ မကြားဘူး သလောက်နီးပါးအထိ ဖြစ်သွားခဲ့တယ်၊ အင်မတန် ၀မ်းနည်းဖွယ်ကောင်းပါတယ်၊ ဒါကြောင့် ဒီလထဲမှာ ရခိုင်ရိုးရာ ရထားပွဲကို စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ကျင်းပသွားမှာဖြစ်ပါတယ်´´ ဟု ရခိုင်ရိုးရာရထားပွဲ ကျင်းပရေး ကော်မတီဝင် တစ်ဦးက ပြောပြသည်။

သတင်း - မင်းမင်းဇော် နှင့် နေ၀င်းထွန်း 

No comments:

Post a Comment