နေပြည်တော် ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ်၊ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ
ဒုတိယ သမ္မတ ဦးမြင့်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ
စကော့ အလန်မာစီရယ်လ်အား ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်
ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်
အနေဖြင့် မြေပြင်သို့ (၃)ကြိမ် သွားရောက်ပြီး စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့်
အစီရင်ခံစာကို ဘက်လိုက်မှုမရှိ၊ အရှိကို အရှိအတိုင်း ထုတ်ဖော်ရေးဆွဲသွားမည့် အစီအစဉ်၊
နိုင်ငံတော်သမ္မတထံ ရေတို၊ ရေရှည် လုပ်ငန်းများအတွက် အကြံပြုသွားမည့် အခြေအနေတို့ကို
ကော်မရှင်ဥက္ကဋ္ဌက ရှင်းလင်းပြောကြားပြီး သံအမတ်ကြီးက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။
တွေ့ဆုံပွဲသို့ စုံစမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဖေ၊
အဖွဲ့ဝင် ဦးထွန်းမြတ်၊ ဒေါက်တာသက်သက်ဇင်၊ ဦးညွန့်ဆွေ၊ ဦးသာဥာဏ်၊ ဦးစောသလေးစော၊ ဒေါ်ကျိန်ငိုက်မန်၊ ရဲချုပ်ဇော်ဝင်းနှင့်
ဦးအောင်နိုင်တို့ တက်ရောက်ကြသည်။

No comments:
Post a Comment