Wednesday, February 22, 2017

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး၁၂ ရက် မြောက်နေ့ ကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၂၂
ဥပဒေနှင့် နည်းဥပဒေများ ပူးတွဲပါဝင်သော ဥပဒေစာအုပ်များ ပုံနှိပ်ထုတ်ဝေရန် ပြန်ကြား ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများနှင့် ဆက်သွယ်ညှိနှိုင်းပြီး စိတ်ဝင်စားသူများ၊ ကျွမ်းကျင်သူများအကူအညီဖြင့် ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးနိုင်ပါကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားသည်။

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်း အဝေး ၁၂ ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးဌေးဦး၏ "အတည်ပြု ပြဋ္ဌာန်းလိုက်သော နည်းဥပဒေများကို အများပြည်သူ ပွင့်လင်းမြင်သာစွာ လိုက်နာစောင့်ကြည့်နိုင် ရန်အတွက်  နိုင်ငံတော်မှ ထုတ်ဝေသော နှစ်အလိုက်ပြဋ္ဌာန်း ဥပဒေစာအုပ်များတွင် နည်းဥပဒေ ပြဋ္ဌာန်းချက်များကိုလည်း ယခင် ခေတ်များအတိုင်း ထည့်သွင်းဖော်ပြပေးရန် အစီအစဉ်ရှိ၊ မရှိ" မေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ခေတ်အဆက်ဆက်ပြဋ္ဌာန်းခဲ့သည့် ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ် နည်းများကို နိုင်ငံတော်က ပုံနှိပ်ထုတ်ဝေခြင်းနှင့်ပတ်သက်၍ ယင်း ကာလတွင် ဥပဒေပြု ရေးတာဝန်ထမ်းဆောင်သည့် နိုင်ငံတော်၏ အဖွဲ့အစည်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ် ပါကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် နှစ်အလိုက် ပုံနှိပ်ထုတ်ဝေခြင်းရှိသကဲ့သို့ ကာလအလိုက် ပုံနှိပ် ထုတ်ဝေခဲ့ခြင်းလည်းရှိပါကြောင်း၊ ထို့အတူ ဥပဒေများကိုသာ ပုံနှိပ်ထုတ်ဝေသကဲ့သို့ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်များနှင့် ကြေညာချက်များကို စုပေါင်း၍ ပုံနှိပ်ထုတ်ဝေသည့် ခုနှစ်နှင့် ကာလများလည်းရှိပါကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းသည့် ဥပဒေများကို ပြည်ထောင်စုလွှတ်တော်ရုံးက နှစ် အလိုက် ပုံနှိပ်ထုတ်ဝေ လျက်ရှိပါကြောင်း။
နှစ်အလိုက် ပြဋ္ဌာန်းဥပဒေစာအုပ်များတွင် နည်းဥပဒေပြဋ္ဌာန်းချက်များကိုထည့် သွင်းပုံနှိပ် ထုတ်ဝေခြင်းသည် ယင်းစာအုပ်များကိုထုတ်ဝေသည့် ဌာန၊ အဖွဲ့အစည်း၏ အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးအနေဖြင့် နှစ်အလိုက် ပြဋ္ဌာန်းဥပဒေ စာအုပ်များကို ပုံနှိပ်ထုတ်ဝေရာတွင် အဆိုပါနှစ်အတွင်း ပြဋ္ဌာန်း၊ ထုတ်ပြန်ခဲ့သည့် ဥပဒေ၊ နည်း ဥပဒေများ၊ အမိန့်များ၊ ကြေညာချက်များနှင့် လုပ်ထုံးလုပ်နည်းများ၏ အရေအတွက်နှင့် ပမာဏ ကိုမူတည်၍ နှစ်အလိုက် ပြဋ္ဌာန်းဥပဒေစာအုပ်များတွင် နည်းဥပဒေများ၊ အမိန့်များ၊ ကြေညာချက် များနှင့် လုပ်ထုံးလုပ်နည်းများကို ထည့်သွင်းပုံနှိပ် ထုတ်ဝေရန် စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ဆက်လက်၍ အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဥပဒေ၊ နည်းဥပဒေများကို ဥပဒေရေးဆွဲသည့် သက်ဆိုင်ရာ နိုင်ငံတော်အဖွဲ့ အစည်းများနှင့် ဝန်ကြီးဌာနများက ၎င်းတို့၏ အစီအစဉ်ဖြင့်  ပုံနှိပ် ထုတ်ဝေ ဖြန့်ချိလျက်ရှိသည်ကိုတွေ့ရပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အတည်ပြု ထုတ်ပြန်လိုက်သည့် ဥပဒေ၊ နည်းဥပဒေများကို မြန်မာနိုင်ငံတော်ပြန်တမ်းတွင် ဥပဒေ၊ နည်းဥပဒေများထုတ်ပြန်သည့် ကာလအလျောက် ထည့်သွင်းဖော်ပြ ဖြန့်ချိပေးလျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဖြေကြားသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးဝင်းမောင်၏ "မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဖောင်းလင်းကျေးရွာအုပ်စု ဖောင်းလင်းမြို့မရွာ၌ မီးသတ်စခန်း အဆောက်အအုံနှင့် မီးသတ်ကားကို နိုင်ငံတော်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ချထား ပေးရန် အစီအစဉ်ရှိ၊ မရှိ" မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက မကွေးတိုင်း ဒေသကြီးအတွင်း နယ်မြေမီးသတ်စခန်း ၆၉ ခု အနက် နယ်မြေမီးသတ်စခန်း ၁၈ ခုတွင် မီးသတ်စခန်းအဆောက်အဦများ ဆောက်လုပ်ပေးခဲ့ပြီး စခန်း ၅၁ ခုတွင် မီးသတ်စခန်း အဆောက်အဦ ဆောက်လုပ်ပေးရန် ကျန်ရှိနေပါကြောင်း၊ အလားတူ နယ်မြေမီးသတ်စခန်း ၂၃ ခုတွင် ဖွဲ့စည်းပုံနှင့်အညီ မီးသတ်ယာဉ်များ ဖြည့်တင်းပေးခဲ့ပြီး စခန်း ၄၆ ခုတွင် မီးသတ် ယာဉ်များ ဖြည့်တင်းရန် ကျန်ရှိနေပါကြောင်း။
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနအနေဖြင့် ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိပြီးသည့် နယ်မြေ မီးသတ်စခန်းများကို ဖွဲ့စည်းပုံနှင့် အညီ အဆောက်အဦဆောက်လုပ်ခြင်း၊ ၀န်ထမ်း နေအိမ်များ ဆောက်လုပ်ခြင်း၊ ယာဉ်နှင့် စက်များဖြည့်တင်းပေးခြင်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဖြည့်တင်း နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဖောင်းလင်းကျေးရွာတွင် နယ်မြေမီးသတ်စခန်း ဖွင့်လှစ်ရန် ဖွဲ့စည်းပုံခွင့်ပြုထား ခြင်းမရှိသည့်အတွက် လတ်တလောအခြေအနေတွင် မီးသတ် စခန်းအဆောက်အဦနှင့်  မီးသတ်ယာဉ်ဖြည့်တင်းပေးရန်  အစီးအစဉ်မရှိပါကြောင်း ရှင်းလင်း ဖြေကြားသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးမြမင်းဆွေ၏ "မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ မြကန်သာပန်းခြံမြေနေရာ ၂၅ ဒသမ ၂၀ ဧကကို အမှတ် (၂၃၅) ခြေလျင်တပ်ရင်းမှ  စည်ပင်သာယာရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်နိုင်ခြင်း ရှိ၊ မရှိ သိရှိ လိုခြင်း" မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ် က မြကန်သာပန်းခြံမြေ ၂၅ ဒသမ ၂၀ ဧကသည် အမှတ် (၂၃၅) ခြေလျင်တပ်ရင်း၏ တပ်ပိုင်မြေအဖြစ် ပြည်ထဲရေးအမိန့်များ ရှိပြီးဖြစ်ကြောင်း၊ ပခုက္ကူမြို့တွင် အခြားပန်းခြံများရှိပြီးဖြစ်၍ တပ်နယ်ပန်းခြံအဖြစ် ဆက်လက် ထားရှိရန်လိုအပ်ကြောင်း၊ မြေငှားရမ်းခငွေများကို ကာကွယ်ရေးဝန်ကြီးဌာန ရငွေစာရင်းသို့ နှစ်စဉ်ပေးသွင်းလျက်ရှိကြောင်းနှင့် တပ်ရင်း၏လုံခြုံရေးကို ထိခိုက်စေနိုင်ခြင်း တို့ကြောင့် လွှဲပြောင်းပေးအပ်နိုင်ခြင်းမရှိကြောင်း ဖြေကြားသည်။
ယင်းနောက် "ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်း"နှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်ဆွေက မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့တွင် ရေနံတွင်း တိမ်တူးသည့် လုပ်ငန်းများရှိပါကြောင်း၊ ဒီရေနံတွင်း တိမ်တူးသော မဲဆန္ဒ ရှင်ပြည်သူများနှင့် တွေ့ဆုံပြီး ရေနံတွင်းအနက်ကိုမေးသည့်အခါ ပေ ၁၈၀၀၊ ၁၉၀၀၊ ၂၀၀၀ ရှိသည်ဟု သိရကြောင်း၊ ရေနံတွင်းအနက်ပေကို ၁၀၀၀၊ ၁၂၀၀ သာ အတည်ပြုမည်ဆိုပါက လူဦးရေသိန်း ဆယ်ဂဏန်း နှင့်ချီပြီး မှီခိုနေရသည့် ယင်းလုပ်ငန်းကြီး ရပ်ဆိုင်းရတော့မည်ဖြစ်ပါကြောင်း။ 
လူပေါင်းများစွာ၏ ဘ၀ကိုပြောင်းလဲသွားစေနိုင်သကဲ့သို့ အဂတိလိုက်စားမှု၊ အလွဲသုံးစား မှု၊ လာဘ်ပေးလာဘ်ယူ ချစားမှုများ ဖြစ်ပေါ်လာစေနိုင်သည့်အတွက် အနက်ပေ ၁၀၀၀ ထက်မပိုသော စကားရပ်အစား အနက်ပေ ၂၀၀၀ ထက်မပိုသော ဆိုသည့် စကားရပ်နှင့် အစား ထိုး ပြင်ဆင်သင့်ပါကြောင်း ဆွေးနွေးသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာကျော်ငွေက ရေနံလက်ယက် တွင်းဆိုင်ရာဥပဒေကို အရပ်သားရေနံ ထုတ်လုပ်တူးဖော်မှုဆိုင်ရာ ဥပဒေဟုပြောင်းလဲပြင်ဆင် သင့်ပါကြောင်းနှင့် လက်ယက်တွင်း အနက်ကို ပေ ၁၅၀၀နှင့် ၂၀၀၀ ကြားဟု သတ်မှတ်သင့်ပါ ကြောင်း ဆွေးနွေးသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးမြမင်းဆွေက ရေနံလက်ယက်တွင်းဆိုင် ရာဥပဒေကြမ်း အပိုဒ်() အပိုဒ်ခွဲ()တွင်ပါရှိသည့် ရေနံလက်ယက်တွင်းဆိုသည်မှာ လိုင်စင်ပါ စည်းကမ်းချက်များနှင့်အညီ လူအင်အား (သို့မဟုတ်) စက်အင်အား (သို့မဟုတ်) အင်အားနှစ် ရပ်လုံးဖြင့် အနက်ပေ ၁၂၀၀ ထက်မပိုသော ရေနံတူးဖော်ထုတ်လုပ်သည့်တွင်းကို ဆိုသည့် အပိုဒ်မှ အနက်ပေ ၁၂၀၀ ထက်မပိုသော စကားရပ်ကို ဖြုတ်သိမ်းသင့်ပါကြောင်း ဆွေးနွေးသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်()မှ ဦးဝင်းမောင်က ဥပဒေဆိုသည်မှာ ပြည်သူ့ နယ်ပယ်တွင် လက်တွေ့ကျသည့် ပြည်သူများလိုက်နာနိုင်သည့် ထိရောက်သည့် အပြစ်ပေး အရေးယူများပါဝင်သည့် ဥပဒေတစ်ရပ်ဖြစ်ရန် အရေးကြီး ပါကြောင်း၊ ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်အတိုင်း ရေနံတွင်းတိန်အနက်ကို ပေ ၁၂၀၀ သာသတ်မှတ်ပါက လက်တွေ့ နှင့် ပေ ၈၀၀ ကွာခြားနေပါကြောင်း၊ ထို့ကြောင့် အမှန်လုပ်ကိုင်နေသူများကို ဥပဒေပြင်ပသို့ တွန်းပို့နေ သကဲ့သို့ဖြစ် နေပြီး မလိုလားအပ်သည့် ပြဿနာများပေါ်ပေါက်လာနိုင်ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ရေနံထုတ်လုပ်မှုကို ထိခိုက်မှုမရှိပါက တိုင်းပြည်၏ အခွန်ဘဏ္ဍာတိုးတက် ရေးနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ တိုးတက်ရေးကို ရှေးရှုပြီး ရေနံတွင်းတိမ်အနက်ကို ပေ ၂၀၀၀ ပြင်ဆင်သင့်ပါကြောင်းဆွေးနွေးသည်။
လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက် များကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနားဆောင်ရွက်ရန် ဆုံးဖြတ်သည်။
ဥပဒေကြမ်းကော်မတီဝင် ဦးကျော်ကျော်က "၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း" နှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သုံးသပ်ချက်များပါဝင်သော ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားသည်။
လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့သည်။

မော်စီ၊ ဝေသူနွယ်၊ မွှေးကြူဇင် (သတင်းစဉ်)

No comments:

Post a Comment