ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင်အရင်းမပျောက်မတည်ငွေကျပ်သိန်း(၃၀၀)ဖြင့်
အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် မြစိမ်းရောင်စီမံကိန်းကျေးရွာများမှ ကျေးရွာရန်ပုံငွေကြီးကြပ်မှု ကော်မတီများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို
ဖေဖော်ဝါရီ(၂၂)ရက်နေ့၊ နံနက်(၁၀)နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး
အစည်းအဝေးခမ်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ဝင်းက ကျေးရွာရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဝင်များ လိုက်နာဆောင်ရွက်ရမည့်
လုပ်ငန်းတာဝန်များနှင့် စီမံကိန်းလုပ်ငန်းသုံး အထွေထွေ အသုံးစရိတ်များ ကိစ္စများနှင့်
ပတ်သက်၍ တရားဝင် ခွင့်ပြုထားသည့် ရန်ပုံငွေ အုပ်ချုပ်မှုစရိတ် (၂%)မှ (၁၂)လ အတွက် တစ်လလျှင်
ပျမ်းမျှ(၅၀၀၀၀ိ) ထုတ်ပေးရန် လိုအပ်သည့် စည်းကမ်းချက်များကို လည်းကောင်း၊ အရင်းမပျောက်
မတည်ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် မိမိတို့ဒေသခံများ၏ လုပ်ငန်းဆောင်ရွက်မှု
အခြေအနေများကို လေ့လာသိရှိထားရန်တို့ကို ဆွေးနွေးဟောပြောသည်။
ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊
မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ဝင်းက ပူပြင်းသည့် နွေရာသီကာလ ရောက်ရှိလာပြီ ဖြစ်သဖြင့်
ခြောက်သွေ့သော အစားအစာများကြောင့် အာဟာရဓာတ် လျော့နည်းပြီး တိရိစ္ဆာန်များ ရောဂါဖြစ်ပွားမှု
များပြားလာနိုင်ကြောင်း၊ လိုအပ်သည့်ကာကွယ်ဆေးများကို အချိန်နှင့်တပြေးညီ ထိုးနှံကြရန်
ဆွေးနွေးမှာ ကြားပြီး စိုက်ပျိုးရေးဦးစီးဌာန
မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးကြည်က နွေသီးနှံ
တိုးချဲ့စိုက်ပျိုးရေးနှင့် ဆည်ရေ ရရှိနိုင်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာသည့် ကျေးရွာကော်မတီများမှ
စီမံကိန်းလုပ်ငန်းဆိုင်ရာများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ သိလိုသည်များကို
မေးမြန်းကြရာ မြို့နယ်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ကြပြီး ဦးစီးအရာရှိ
ဦးလှဌေးမောင်က ကျေးရွာကော်မတီများအား အထွေထွေအသုံးစရိတ်များ ထုတ်ယူနိုင်ရေး ရှင်းလင်းဆွေးနွေးပြီး
အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာအုပ်စု(၁၀၉)အုပ်စု၊
ကျေးရွာပေါင်း (၃၃၉)ရွာရှိသည့် အနက် မြစိမ်းရောင် စီမံကိန်း(၃၂)ရွာရရှိပြီး ၎င်းကျေးရွာများ၏
ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မတ်လကုန်တွင် အထွေထွေ အုပ်ချုပ်မှုစရိတ်အဖြစ်
အထွေထွေ အသေးသုံးစရိတ်များကို ခွင့်ပြုထုတ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ မြို့နယ်ဦးစီးမှူးများ၊
သမ၀ါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာ(၂၈)ရွာမှ
ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင် (၅၆)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ကျောက်ပန်းတောင်း-ပြန်/ဆက်)

No comments:
Post a Comment