Saturday, February 25, 2017

မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်အရေးပေါ် ပုံစံတူနှုန်းပြည့် လေ့ကျင့်ခန်းဆောင်ရွက်

မန္တလေး ဖေဖော်ဝါရီ ၂၅
လေယာဉ်မတော်တဆ ထိခိုက်မှုဖြစ်ပွားချိန်များတွင် အကောင်းဆုံးနှင့်အမြန်ဆုံး ကူညီကယ်ဆယ်ရေးနှင့် အခြားလိုအပ်သည့် လုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် လေဆိပ်ဝန်ဆောင်မှုကုမ္ပဏီ (MC- Jaluc Airport Services) မှ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နှုန်းပြည့်လေယာဉ် အရေးပေါ်ပုံစံတူ လေ့ကျင့်ခန်းကို ဖေဖော်ဝါရီလ (၂၄) ရက် ညနေ (၄) နာရီက စတင်ကာ (၅း၃၀) နာရီထိ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နှုန်းပြည့်လေယာဉ်အရေးပေါ်ပုံစံတူ လေ့ကျင့်ခန်းဆောင်ရွက်ရာတွင် လေယာဉ်အတွင်းမှ ခရီးသည်များ အဆင့်အလိုက် ကူညီ ကယ်ဆယ်မှုများ ဆောင်ရွက်ခြင်း၊ ဒဏ်ရာရရှိသူများအား ကယ်ထုတ်ခြင်းနှင့် ဦးစားပေးရွေးချယ်ခြင်း၊ စာရင်းကောက်ယူခြင်း၊  လေယာဉ်အမှုထမ်းများ၊ ခရီးသည်များအား အင်းလေးခန်းမနှင့် အရေးကြီးပုဂ္ဂိုလ်ခန်းမသို့ ပို့ဆောင်ခြင်းနှင့် လေယာဉ်ကိုယ်ထည် မီးလောင်ခြင်းအား မီးငြိမ်းသတ်ခြင်းတို့ကို ဖွဲ့စည်းထားသော အဖွဲ့များ၊ လေယာဉ်ကွင်းမီးသတ်ယာဉ်များနှင့် တံတားဦးမြို့ရှိ မီးသတ်ယာဉ်များ လူမှုကူညီရေးကားများဖြင့် ပုံစံတူလေ့ကျင့်ခဲ့ကြသည်။
ထို့နောက် အရေးကြီးပုဂ္ဂိုလ်ခန်းမသို့ ရောက်ရှိနေသော ခရီးသည်များအား စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ လာရောက်ကြိုဆိုသူ မိသားစုဝင်များအား စာရင်းကောက်ခံခြင်း၊ လေယာဉ်ခရီးသည်များအား မိသားစုဝင်များနှင့် တွေ့ဆုံပေးခြင်း၊ ဒဏ်ရာရရှိသူများအား ဆေးရုံများသို့ ပို့ဆောင်ပေးခြင်း၊ အရေးပေါ်လုပ်ငန်း ဆေင်ရွက်မှုဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း၊ သက်ဆိုင်သော အဖွဲ့အစည်းများနှင့် အပြန်အလှန်အကူအညီများ ဆက်သွယ်ခေါ်ယူခြင်းနှင့် ဖြစ်စဉ်ဖြစ်ပွားပြီး နာရီဝက်ခန့်အကြာတွင် ကနဦးသတင်းထုတ်ပြန်ခြင်း၊ တစ်နာရီခန့်အကြာတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းတို့ကို သက်ဆိုက်ရာကဏ္ဍအလိုက် အဖွဲ့ဖွဲ့ကာ လေ့ကျင့်ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ နှုန်းပြည့်လေယာဉ် အရေးပေါ်ပုံစံတူလေ့ကျင့်ခန်း ဆောင်ရွက်ရာတွင် လေဆိပ်ဝန်ဆောင်မှုကုမ္ပဏီ (MC- Jaluc Airport Services) မှ ၀န်ထမ်းများနှင့် တံတားဦးမြို့ရှိ သက်ဆိုင်သော အဖွဲ့အစည်းများနှင့် အပြန်အလှန်အကူအညီများမှ အဖွဲ့အစည်းများက ဆောင်ရွက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တံတားဦးမြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

(ထွန်းထွန်းနိုင်- ကျောက်ဆည်)

No comments:

Post a Comment