Saturday, February 25, 2017

ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနအနေဖြင့်သင်တန်း (၃၀၇) ကြိမ်မှ သင်တန်းသား (၁၀၃၅၈) ဦးကို ဘာသာရပ်ဆိုင်ရာ နည်းပညာများသင်ကြားပို့ချနိုင်ခဲ့

နေပြည်တော် ဖေဖေါ်ဝါရီ ၂၅
အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲလာလျက်ရှိသော နည်းပညာများကို မျက်ခြေမပြတ်စေဘဲ လေ့လာမှုနှင့် တီထွင် ဆန်းသစ်မှုများပေါင်းစပ်ပြီး အရည်အချင်းပြည့်ဝသော ပညာရှင်ဝန်ထမ်းများအဖြစ် မားမားမတ်မတ်ရပ်တည်နိုင်ရေး ကြိုးပမ်းအားထုတ်ကြရန်၊ နိုင်ငံနှင့်အဝှမ်း နေရာဒေသအလိုက် မတူကွဲပြားသော အခြေအနေအမျိုးမျိုးတွင် အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားကြရာ၌ မိမိတို့လေ့လာသင်ယူထားသော ပညာရပ်များအပြင် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများအပေါ် အခြေခံသုံးသပ်ပြီး အကောင်းဆုံး အဖြေရှာ ဖြေရှင်းဆောင်ရွက်ကြရန်နှင့် မိမိတို့ကိုယ်စီ တာဝန်ယူထားသော လုပ်ငန်းများ၏ တာဝန်ဝတ္တရားများအပေါ် တန်ဘိုးထားပြီး စိတ်ရင်းစေတနာမှန်ဖြင့် ကြိုးစား ဆောင်ရွက်ကြရန် ပြည်ထောင်စု ၀န်ကြီးဒေါက်တာအောင်သူက ဆွေးနွေးပြောကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖေဖော်ဝါရီ (၂၄) ရက်နေ့ နံနက်(၁၁)နာရီက ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲသို့ ရောက်ရှိကြပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုဆိုင်ရာ သုတေသနလုပ်ငန်းများ၊ သင်တန်းများဖွင့် လှစ်ပို့ချပေးနေမှုများကို ကြည့်ရှုအားပေးစဉ် ထိုကဲ့သို့ပြောကြားခြင်းဖြစ်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲ အတွင်းရှိ သင်တန်းခန်းမများ၊ အိပ်ဆောင်များ၊ စားရိပ်သာများ၊ ဓါတ်ခွဲခန်းများ၊ သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ဘက်စုံ စာသင်ခန်းမနှင့် စာကြည့်တိုက်တို့အား လှည်လည်ကြည့်ရှုအားပေးသည်။
ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲအနေဖြင့် ၁၉၈၉ ခုနှစ်မှ ၂၀၁၇ ခုနှစ် မတ်လအထိ ဆည်ရေစီမံခန့်ခွဲမှု သင်တန်း (၁၁၈) ကြိမ်တွင် သင်တန်းသား (၄၉၅၂) ဦးကို ပို့ချပေးနိုင်ခဲ့ပြီး၊ ဌာနတွင်းသင်တန်း (၃၀၇) ကြိမ်မှ သင်တန်း သား (၁၀၃၅၈) ဦးကို ဘာသာရပ်ဆိုင်ရာ နည်းပညာရပ်များ ပို့ချပေးနိုင်ခဲ့သည်။
၎င်းမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၏ အနောက်ဘက်ရှိ မဇင်းရေလှောင်တမံသို့ ရောက်ရှိကြပြီး တမံအတွင်း ရေသိုလှောင်ထိန်းသိမ်းထားနိုင်မှု၊ ဒေသသောက်သုံးရေနှင့် စိုက်ပျိုးရေပေးဝေနိုင်မှု၊ ဒေသစိမ်းလန်းစိုပြည်ရေးနှင့် ပဲခူးမြို့ပတ်ဝန်းကျင်တွင် မိုးတွင်း ရေကြီးရေလျှံမှုမှ ကာကွယ်ပေးနိုင်မှုတို့ကို ကြည့်ရှုစစ်ဆေး ရာ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
မဇင်းရေလှောင်တမံကို ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၏အနောက်ဘက် ကပ်လျက်စီးဆင်းနေသော မဇင်းချောင်းနှင့် ကြက်သောင်းချောင်းတို့ဆုံရာအထက်တွင် တည်ဆောက်ထားပြီး တမံအမြင့်(၆၀)ပေ၊ တမံအလျား(၄၁၀၀)ပေရှိ မြေသား တမံ အမျိုးအစားဖြစ်ကာ အကျယ် (၄ပေx၆ပေ) ၊ အရှည် ပေ(၁၇၀)ရှိ သံကူကွန်ကရစ် အမျိုးအစားရေထုတ်ပြွန်တစ်ခု ပါရှိသည်။ ကန်ရေပြည့်ရေလှောင် ပမာဏ (၂၆၁၈၆) ဧကပေရှိပြီး၊ အကျယ် ပေ(၃၀) အလျား (၂၈၅)ပေရှိ ရေပိုလွှဲ တပ်ဆင်ထားသည်။ တူးမြောင်းမကြီး(၁)ခု၊ လက်တံမြောင်း(၁၆)ခုတို့မှ စိုက်ပျိုးရေနှင့် ပဲခူးမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ သို့ သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment