နေပြည်တော် ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ၏
ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်
ယဉ်ကျေးမှု ၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ
တက်ရောက်၍ အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတက
နိုင်ငံတစ်ဝန်း မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက်၌ ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များသည်
လက်ညှိုး ထိုးမလွဲ ဂုဏ်ယူဖွယ်တည်ရှိနေပါကြောင်း၊ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်
ပျူ ရှေးဟောင်းမြို့တော်များ၊ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် မန္တလေးမဟာလောက မာရဇိန်
ကုသိုလ်တော်ဘုရား ကျောက်စာများနှင့် မြစေတီ(ရာဇကုမာရ်) ကျောက်စာများ သည် မြန်မာ့အမွေအနှစ်အဖြစ် ကမ္ဘာအလယ်တွင် ဂုဏ်ယူရပါကြောင်း၊
ဆက်လက်၍ လည်း ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသနှင့် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသများ
ကိုလည်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ယဉ်ကျေးမှု တန်ဖိုးကြီးမားသော မြန်မာ့အမွေအနှစ်
ဒေသများကို ဆက်တိုက် စာရင်း ၀င်ဖြစ်ရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကမ္ဘာ့မှတ်တမ်း
အမွေအနှစ်စာရင်း ၀င်အဖြစ် တင်သွင်းရန် ကြိုးစားဆောင်ရွက်နေသည့် ပုဂံ ရွှေစည်းခုံဘုရားရှိ
ဘုရင့်နောင် ခေါင်းလောင်းစာနှင့် ရခိုင်ပြည်နယ် အာနန္ဒစန္ဒြကျောက်စာ တို့မှာလည်း တန်ဖိုးမဖြတ်နိုင်
သော ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်ပါကြောင်း။
တန်ဖိုးကြီးမားသည့် ရှေးဟောင်းယဉ်ကျေးမှု
အမွေအနှစ်များကို သုတေသနပြု လေ့လာပါက ရှေးဟောင်းအဆောက်အအုံ၊ ရှေးဟောင်းဝတ္ထုပစ္စည်းများကို
ထိတွေ့ ကိုင်တွယ်တွေ့မြင်နိုင်သည့် ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်များကို တွေ့ရမည့်အပြင် နားမျက်စိ အာရုံခံစားမှုနှင့် ကြားနိုင်၊ မြင်နိုင်သော်လည်း
ရုပ်ဝတ္ထုမတည်မြဲ၍ အမြဲတစေ လက်ဆုပ်လက်ကိုင် မပြနိုင်သည့် ထိတွေ့ကိုင်တွယ် မရနိုင်သော
အနုသုခုမဆိုင်ရာ၊ အသိပညာ၊ အတတ်ပညာများနှင့် ဖန်တီးမှုရလဒ်များဖြစ်သည့် ဒြပ်မဲ့ယဉ်ကျေးမှု
အမွေ အနှစ်များကိုလည်း တွေ့ရမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာတိုင်းရင်းသား၊
မြန်မာ့ဓလေ့နှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲရန်နှင့်
ရေရှည်တည်တံ့အောင် ဆောင်ရွက်ကြရမည်မှာ မြန်မာနိုင်ငံသား အားလုံးတွင် တာဝန်ရှိပါကြောင်း၊
မြန်မာ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်များသည် ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏
ရိုးရာအစဉ် အလာ ဓလေ့အလိုက် ဆက်ခံထိန်းသိမ်းလာခဲ့ကြသည့်အတွက် နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့ပြီး
မျိုးဆက်သစ်တို့ကို လက်ဆင့်ကမ်းအမွေ ပေးနိုင်ခြင်း ဖြစ်ပါကြောင်း။
ထို့ကြောင့် ရှာဖွေဖော်ထုတ် ထိန်းသိမ်းကာကွယ်
စောင့်ရှောက် သုတေသနပြုပြီး ဖြစ်သော ယဉ်ကျေးမှု အမွေအနှစ်များ သာမက တိမ်မြုပ်နေသေးသည့်
ယဉ်ကျေးမှု အမွေအနှစ်များကိုလည်း ရှာဖွေဖော်ထုတ် ထိန်းသိမ်းကာကွယ်စောင့်ရှောက် သုတေသနပြု
ကြရမည် ဖြစ်ပါကြောင်း။
ယခုအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင်များ
အနေဖြင့် ယဉ်ကျေးမှုနယ်မြေများအတွင်း မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ၊ ပြည်ထောင်စု တိုင်းရင်းသားတို့၏
ယဉ်ကျေးမှုဆိုင်ရာ အစဉ်အလာဓလေ့များကို ရှာဖွေဖော်ထုတ်ရေး၊ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊
သုတေသနပြုရေးများကို ဒေသခံများ၏ အကျိုး စီးပွားနှင့် ဟန်ချက်ညီရန် ဥပဒေ၊ နည်းဥပဒေများ
ရေးဆွဲနိုင်ရေးအတွက် မူဝါဒများ ချမှတ်ပေးနိုင်ရန်၊ ပြည်နယ်တိုင်းဒေသကြီးများရှိ သမိုင်းဆိုင်ရာ၊
ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းတာဝန်များကို
အတူလက်တွဲ ပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု
ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ကော်မတီ၏ ဖွဲ့စည်းမှုနှင့်
လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ငလျင်ဒဏ်နှင့် ရှေးဟောင်းစေတီပုထိုး
အဆောက်အအုံများကို ပြန်လည်ပြုပြင် ထိန်းသိမ်းမည့် လုပ်ငန်းများ၊ ယဉ်ကျေးမှု အမွေအနှစ်ဒေသများ
ကာကွယ် ထိန်းသိမ်းရေး ဥပဒေ(မူကြမ်း) ပြင်ဆင်ရေးဆွဲရေး၊ မြန်မာနိုင်ငံ ပြတိုက်များ ဥပဒေ(မူကြမ်း)
ရေးဆွဲပြဋ္ဌာန်းရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ယဉ်ကျေးမှု အမွေအနှစ်ဒေသများတွင် သစ်တော
ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများ ပါဝင်နေခြင်းတို့နှင့် စပ်လျဉ်းပြီး ရှေးဟောင်းသုတေသနနှင့်
အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများက တင်ပြကြသည်။
တင်ပြချက်များအပေါ် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ
ဦးဟင်နရီဗန်ထီးယူက ပေါင်းစပ်ညှိနှိုင်းပေးပြီး အစည်းဝေးကို ကျင်းပခြင်း အားဖြင့် ယဉ်ကျေးမှုနှင့်
စပ်လျဉ်း၍ သက်ဆိုင်သော ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန် လာမည်ဖြစ်ပါ
ကြောင်း၊ လာမည့် အစည်းအဝေးများတွင် မြန်မာ့ယဉ်ကျေးမှုကဏ္ဍ တိုးတက်မြင့်မားရေး ယခုလို အားတက်
သရော ပါဝင်ဆွေးနွေးပေးကြရန် ပြောကြားသည်။
အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တိုင်းရင်းသားရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
နိုင်သက်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)

No comments:
Post a Comment