သထုံ ဖေဖော်ဝါရီ
၂၇
မွန်ပြည်နယ်၊
သထုံမြို့နယ်အတွင်းလုပ်ကိုင်နေသော မြေမီးဖုတ်အုတ်လုပ်ငန်းများ ယခုနှစ်တွင် ထုတ်လုပ်မှုစရိတ်မြင့်မားပြီး
ဈေးနှုန်းနှင့် ရောင်းအားပုံမှန်သာရှိသောကြောင့် အကျိုးဖြစ်ထွန်းမှု နည်းပါးနေကြောင်း
အုတ်လုပ်လုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
“တစ်နိုင်တစ်ပိုင်လုပ်ကြတဲ့
ဖိုပိုင်ရှင်တွေ အားလုံး လိုလိုက အရင်းအနှီးနည်းတော့ ငွေကို ကြိုယူပြီး လုပ်ကြတာများတယ်။
အုတ်ပေါ်ပြီဆိုတာနဲ့ လှောင်မထားနိုင်ဘဲ အလုပ်သမားခရှင်းဖို့နဲ့ ကြိုယူထားသူတွေကို အုတ်ပေးဖို့အတွက်
ဈေးနည်းလည်း ရောင်းရ တော့တာဘဲ။ အလုပ်သမားခ ကတော့ မနှစ်ကလောက်ပါဘဲ။ ဒီနှစ်မှာ အုတ်ဖုတ်ဖို့အတွက်
လိုအပ်တဲ့ လောင်စာ ထင်းတွေက ရှာရခက်တော့ ဈေးမြင့်လာတယ်။ နယ်ဝေးက အမှာ တွေကလည်း သိပ်မလာတော့
အများကြီး ၀ယ်တာမျိုးနည်းသွားတယ်။ ဒီကြားထဲ မိုးကရွာလို့ အုတ်တွေပျက်စီးကုန်တာ ဆိုတော့
အုတ်ဖိုတိုင်း လိုလိုက အလုပ်သမားနေ့စားခလောက်ဘဲရပြီး ဖိုပိုင်ရှင်တွေအတွက် ကတော့ သိပ်ပြီး
မကိုက်ကြဘူး” ဟု သထုံမြို့နယ်၊ ကော့သန်ကွင်းတွင် အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်နေသူ ဦးစံခိုင်က
ပြောသည်။
ယခုနှစ်
အုတ်ရာသီအစပိုင်း၌
တစ်လုံးလျှင်
လုပ်ငန်းခွင်အတွင်း ၄၅ ကျပ်နှုန်းဖြင့် ဈေးဖွင့် ရောင်းချခဲ့သော်လည်း လက်ရှိအချိန်တွင်
၄၂ ကျပ်ဝန်းကျင်ခန့်သာ ဈေးပေါက်နေပြီး အိမ်အရောက် ပို့ပေးရပါက ကားခကြောင့် နေရာ အကွာအဝေး
ပေါ်မူတည်၍ အုတ်ဈေးနှုန်း အပြောင်းအလဲရှိကြောင်း ၎င်းက ဆိုသည်။
“ဒီအုတ်ဖိုတွေရှိတော့
လယ်ပြီးတဲ့ကာလမှာ ၀မ်းရေးအတွက်အဆင်ပြေတာပေါ့။ တခြား အလုပ်အကိုင်တွေကလည်း ရှားတယ်။ လယ်ပြီးတာနဲ့
အုတ်ဖိုလုပ်၊ အုတ်ဖိုပြီးတာနဲ့ လယ်ပြန်ဝင် ဒီလိုဘဲမိသားစု စားဝတ်နေရေးလေး အဆင်ပြေရုံ
လုပ်နေရတာပါ။ အုတ်ဖိုတစ်ဖိုမှာ လူ အယောက် ၃၀ လောက် အလုပ်လုပ်တယ်။ နေပူကြီးထဲမှာ တစ်နေကုန်အလုပ်လုပ်မှ
တစ်နေ့ ၄၀၀၀ လောက်ဘဲ ရပေမယ့် မိသားစုတွေက ဒါကိုဘဲ အားကိုးနေရတာပါ။” ဟု အုတ်ဖိုတွင်
အလုပ်လုပ်ကိုင် နေသူတစ်ဦး ဖြစ်သည့် ဦးဌေးလှိုင်က ပြောသည်။
သထုံမြို့နယ်တွင်
တရားဝင် ခွင့်ပြုချက်လိုင်စင်ဖြင့် အုတ်ဖိုပေါင်း ၄၀ ခန့်ရှိပြီး အုတ်ဖုတ်လုပ်ငန်းများကို
ဒီဇင်ဘာလမှ မတ်လကုန်အထိ လုပ်ကိုင်ကြကာ အုတ်ဖိုတစ်ခုလျှင် တစ်ရာသီပျမ်းမျှ အုတ်အလုံးရေ
၎ သိန်းခန့် ထုတ်လုပ်နိုင်ကြောင်း မြို့နယ် အုတ်လုပ်ငန်းရှင်များ အဖွဲ့မှ သတင်းရရှိသည်။
သက်ဦး(သထုံ)


No comments:
Post a Comment