Sunday, January 1, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဖွင့်ပွဲ အခမ်းအနား တက်ရောက်



နေပြည်တော် ဇန်နဝါရီ ၁
အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ ရပ်ကွက်ရှိ အဆိုပါဌာန၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ဖွင့်လှစ်ပေးသည်။







ရှေးဦးစွာ  ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ငြိမ်းချမ်းရေး အထိမ်းအမှတ် သံလွင်ပင်ကို ပြည်ထောင်စု တိုင်းရင်းသား၊ တိုင်းရင်းသူများ ခြံရံ၍  စိုက်ပျိုးပေးသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဆိုင်းဘုတ်ကို  စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ငြိမ်းချမ်းရေး ဗဟိုဌာန ခန်းမဆောင်၌ ဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က မိန့်ခွန်း ပြောကြားသည်။
ယင်းနောက် ဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တက်ရောက် လာကြသူများက စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ငြိမ်းချမ်းရေး ဗဟိုဌာနအတွင်း လှည့်လည် ကြည့်ရှုသည်။
ယဉ်ကျေးမှုတိုင်းတွင် ငြိမ်းချမ်းရေး  အမှတ် သင်္ကေတများ ကိုယ်စီကိုယ်င ရှိနေတတ်ပြီး နိုင်ငံတကာ အသိအမှတ်ပြု အမှတ် သင်္ကေတ တစ်ရပ်မှာ သံလွင်ခက်ကို ကိုက်ချီ၍ ပျံသန်း နေသော ချိုးငှက်ဖြူ ဖြစ်သည်။ သံလွင်ခက်ကို ကိုက်ချီ၍ ပျံသန်းနေသော ချိုးငှက်ဖြူသည် ငြိမ်းချမ်းရေး အထိမ်းအမှတ် သင်္ကေတများ အနက် ရှေးအကျဆုံး သင်္ကေတ လက္ခဏာ တစ်ခု ဖြစ်ပြီး အောင်ပွဲ၏ အထိမ်းအမှတ် အဖြစ်လည်း အမှတ်သညာ ပြုကြသည်။
သံလွင်ပင်သည် ဖျက်ဆီး၍ မရနိုင်သော အပင်၊ ခံနိုင်ရည်ရှိသော အပင်၊ လူတို့အတွက် အကျိုးပြုသော အပင်၊ ငြိမ်းချမ်းရေး အသွင်ဆောင်သော အပင်၊ လောကအကျိုး သယ်ပိုးသော အပင်အဖြစ်လည်း မှတ်ယူကြသည်။ အရွယ်ရောက်ပြီး သံလွင်ပင်၏ အမြင့်မှာ ပေ ၅၀ နှင့် ပင်စည် လုံးပတ် ၃၃ ပေခန့်ရှိ၍ အနှစ် ၂၀၀၀ ကျော်အထိ ရှင်သန်နိုင်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့ကို ဦးစီး ဆောင်ရွက်မည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဖွင့်ပွဲ အထိမ်းအမှတ် အနေဖြင့် စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment