နေပြည်တော်
ဇန်န၀ါရီ ၂
ဒုတိယသမ္မတ
ဦးမြင့်ဆွေသည် ယနေ့နံနက် (၈)နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်
ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ၌ ကျင်းပသည့် ပြည်သူ့ ၀န်ထမ်း အကယ်ဒမီ
(Civil Services Academy-CSA) ဖွင့်ပွဲနှင့် အရာထမ်းလောင်း အခြေခံ သင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန်
ဒီပလိုမာသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲသို့ တက်ရောက်၍ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ ဆိုင်းဘုတ်ကမ္ပည်း မော်ကွန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း၊
မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ပါမောက္ခချုပ် ဦးအောင်တင်စိုးတို့က
ပြည်သူ့ဝန်ထမ်း အကယ်ဒမီ ဆိုင်းဘုတ်ကျောက်စာတိုင်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက
ပြည်သူ့ဝန်ထမ်း အကယ်ဒမီ ဆိုင်းဘုတ် ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး
အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းပေးသည်။
ဆက်လက်၍
ဒုတိယ သမ္မတက ပြည်သူ့ဝန်ထမ်း အကယ်ဒမီ ဖွင့်ပွဲနှင့် အရာထမ်းလောင်း အခြေခံသင်တန်း၊
ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်း အမှတ်စဉ်(၁)သို့ တက်ရောက်ကြသည့်
သင်တန်းသား၊ သင်တန်းသူများအား အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၌ အုပ်ချုပ်ရေးကဏ္ဍသည်
နိုင်ငံရေး၊ စီးပွားရေးစသည့် ကဏ္ဍ အားလုံးနှင့် ဆက်စပ်နေကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး
ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်မည်ဆိုပါက အဆိုပါ အပြောင်းအလဲများကို လက်တွေ့ ဖော်ဆောင်ပေးမည့်
အုပ်ချုပ်ရေးကဏ္ဍကို အပြောင်းအလဲ လုပ်ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု
ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ရန် အရေးကြီးသကဲ့သို့ ၀န်ထမ်းအဖွဲ့အစည်း
အသီးသီးက ၀န်ထမ်းများ၏ စိတ်ဓာတ်နှင့် စွမ်းဆောင်ရည်သည်လည်း အရေးကြီး ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် အစိုးရ၊ ပုဂ္ဂလိက မည်သည့်ကဏ္ဍတွင်မဆို
စီမံခန့်ခွဲအုပ်ချုပ်မှု၊ ၀န်ဆောင်မှု၊ လုပ်ငန်း
အကောင်အထည်ဖော် ဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်
လူ့စွမ်းအား အရင်းအမြစ်သည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း။
နိုင်ငံတော်တွင် အစိုးရအဆက်ဆက်၏
ခေါင်းဆောင်သူများ၊ ဦးဆောင်သည့် ပါတီ ပြောင်းလဲမှုများ ရှိသော်လည်း နိုင်ငံတော်၏ အုပ်ချုပ်ရေး
ယန္တရားအဆင်ပြေ ချောမွေ့စွာ လည်ပတ်နိုင်ရန်အတွက် ဆောင်ရွက်နေကြသူများမှာ နိုင်ငံ့ဝန်ထမ်းများ
ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များအပေါ် မူတည်ပြီး
ဗဟိုဝန်ထမ်း တက္ကသိုလ်များသည် အရည်အသွေးပြည့်မီသော
ပြည်သူ့ ၀န်ထမ်းကောင်းများ သာမက ပုဂ္ဂလိက ကဏ္ဍတွင် တာဝန် ထမ်းဆောင်နေသည့် ၀န်ထမ်းများကိုပါ
ထိရောက်စွာ လေ့ကျင့်ပျိုးထောင် ပေးနိုင်ရန်အတွက် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ကစပြီး ဗဟိုဝန်ထမ်း
တက္ကသိုလ် အသီးသီး၏ ကွပ်ကဲမှုအောက်တွင် "ပြည်သူ့ဝန်ထမ်း အကယ်ဒမီ (Civil
Services Academy-CSA)" တစ်ခုစီ ဖွင့်လှစ်သွားရန်
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က လမ်းညွှန်မှု ပြုခဲ့ကြောင်း။
ပြည်သူ့ဝန်ထမ်း အကယ်ဒမီ၌
ယခင်က ပုံမှန်သင်တန်းများတွင် ပို့ချသည့် စီမံခန့်ခွဲရေး၊ စီးပွားရေး၊ လူမှုရေး သိပ္ပံ၊
နိုင်ငံရေးသိပ္ပံ၊ ဥပဒေစသည့် ဘာသာရပ် (၅)ခုအပြင် ယနေ့ နိုင်ငံ့ ၀န်ထမ်းတိုင်း မဖြစ်မနေ
တတ်ကျွမ်းရန် လိုအပ်သည့် အင်္ဂလိပ်စာ၊ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဘာသာရပ်များကိုပါ
ဖြည့်စွက်ပြီး စုစုပေါင်း ဘာသာရပ်(၇)ခုကို ပြည်သူ့ဝန်ထမ်း အကယ်ဒမီက နည်းပြဆရာ၊ ဆရာမများအပြင်
ဘာသာရပ်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်ပညာရှင်များကပါ ပို့ချပေးနိုင်ရန် စီစဉ်ထား
ရှိကြောင်း၊ ပြည်သူ့ဝန်ထမ်း အကယ်ဒမီကို တည်ထောင်ဖွင့်လှစ်နိုင်ခြင်းသည် ဗဟိုဝန်ထမ်းတက္ကသိုလ်
စတင်တည်ထောင်သည့် ၁၉၆၅ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း
(၅၀)ကျော် ကာလအတွင်း အထင်ရှားဆုံး တိုးတက်မှုတစ်ခုဖြစ်ကြောင်း။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်
စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် "ခေတ်သစ် တစ်ခုကို အကောင်အထည်ဖော်ရာတွင်
ပညာ၊ စေတနာ၊ သတ္တိဆိုသည့် အရာသုံးမျိုး လိုအပ်ကြောင်း၊ ပညာရှိမှသာ မှန်ကန်သည့် လမ်းမှန်ကို
ရွေးချယ်တတ်ပြီး လမ်းမှန်ပေါ် ရောက်ရှိမည်ဖြစ်ကြောင်း၊ လမ်းမှန်ကို သိသော်လည်း သွားချင်သည့်
စေတနာရှိရန်လိုကြောင်း၊ မိမိအကျိုးစီးပွား၊ အဖွဲ့အစည်းအကျိုးစီးပွားသာမက နိုင်ငံ့အကျိုးစီးပွားအတွက်
ဆောင်ရွက်ပေးလိုသည့် စေတနာရှိမှသာ လမ်းမှန်ကို လျှောက်လှမ်းနိုင်မည် ဖြစ်ကြောင်း၊ သတ္တိရှိစွာဖြင့်
လမ်းသစ်ကို လျှောက်လှမ်းရန်လည်း လိုကြောင်း" လမ်းညွှန်ပြောကြားခဲ့ကြောင်း။
အစိုးရပြောင်းလဲခြင်း၊ ခေါင်းဆောင်ပြောင်းလဲခြင်းသည်
ပါတီစုံဒီမိုကရေစီ ခေတ်တွင် ပုံမှန်ကိစ္စတစ်ရပ် ဖြစ်ကြောင်း၊
မည်သည့်ပါတီကပင် အစိုးရ ဖွဲ့စည်းသည်ဖြစ်စေ ဌာန အကြီးအမှူး၊ အဆင့်မြင့် အရာထမ်းများက
စ၍ အောက်ခြေအဆင့် အမှုထမ်းများအထိ ပြည်သူ့ ၀န်ထမ်း အဆင့်ဆင့်သည် နိုင်ငံ၏ စီမံအုပ်ချုပ်ရေး
ယန္တရားကြီး အောင်မြင်စွာ လည်ပတ် နိုင်ရေး၊ ပြည်သူများကို ၀န်ဆောင်မှုပေးရေးအတွက် တာဝန်ယူဆောင်ရွက်ကြရမည်
ဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်အပေါ် သစ္စာရှိသည့်၊ မိမိအလုပ်အပေါ် တာဝန်ယူသည့် လိုလားတက်ကြွစွာဖြင့်
တာဝန်ထမ်းဆောင်သည့် ၀န်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားပြီး ၀န်ထမ်းအဖွဲ့အစည်း၏ ရည်မှန်းချက်
အောင်မြင်ပြီးမြောက်အောင် ပါဝင်ကူညီပေးကြရန် လိုကြောင်း၊
ဝန်ထမ်း သက်တမ်းတစ်လျှောက် အစဉ်လေ့လာ သင်ယူပြီး ပြည်သူကို အကောင်းဆုံး ၀န်ဆောင်မှုပေးနိုင်သည့်
အုပ်ချုပ်မှုယန္တရား လည်ပတ်နိုင်ရေးအတွက် ကျရာအခန်း ကဏ္ဍက ပါဝင်ကြရန် ထပ်မံတိုက်တွန်းလိုကြောင်း၊
ပြည်သူဗဟိုပြု အုပ်ချုပ်ရေးမဏ္ဍိုင် တည်ထောင်နိုင်ရေးနှင့် အနာဂတ်တွင် ပခုံးပြောင်း တာဝန်
ထမ်းဆောင်မည့် ခေါင်းဆောင်များ ဖြစ်လာကြမည့် လူငယ်အရာထမ်း သင်တန်းသားများ အနေဖြင့်
ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုစား လေ့လာသင်ယူပြီး ယခုသင်တန်းမှ ရရှိသည့် အသိပညာ၊
အတတ်ပညာ၊ အတွေ့အကြုံများကို နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးရှိစွာ အသုံးချကြစေလိုကြောင်း
ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုရာထူးဝန်
အဖွဲ့ဥက္ကဋ္ဌ က အမှာစကား ပြောကြားသည်။
ထို့နောက်
ဒုတိယသမ္မတနှင့် အဖွဲ့သည် ပြည်သူ့ဝန်ထမ်း အကယ်ဒမီ ဖွင့်လှစ်
တည်ထောင်ရန် ဆောင်ရွက်မှု ဗွီဒီယိုမှတ်တမ်းကို ကြည့်ရှုကြသည်။
ယင်းနောက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့
ဥက္ကဋ္ဌက ဒုတိယသမ္မတ၊ ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ဧည့်သည်တော်များကို
ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်ပေးအပ်သည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ဧည့်သည်တော်များနှင့် အတူမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်
အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူ အိပ်ဆောင် စားရိပ်သာ၊ စာသင်ဆောင်နှင့် ဗဟိုဝန်ထမ်း
တက္ကသိုလ် စာကြည့်တိုက်တို့ကို လိုက်လံကြည့်ရှုကြသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင်
စစ်ပညာဘာသာရပ် အပါအ၀င် လေ့ကျင့်ရေးကို အခြေပြုသော သင်ကြားမှု ပုံစံမှ ယခုအခါ နိုင်ငံ့ဝန်ထမ်းများ၏
ပညာရည် တိုးတက်မြင့်မားမှုကို အခြေပြုသော သင်ကြားမှုပုံစံများ ပြောင်းလဲရန် လိုအပ်လာသည့်အတွက်
ပြည်သူ့ဝန်ထမ်း အကယ်ဒမီကို ဖွင့်လှစ်တည်ထောင်ရခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ဖွင့်လှစ်ခြင်းကြောင့်
နိုင်ငံဝန်ထမ်းများ အနေဖြင့် သမားရိုးကျ လေ့ကျင့် သင်ကြားမှု အသွင်မှ နိုင်ငံတကာ ပြည်သူ့ဝန်ထမ်း
ကျောင်းများနည်းတူ အဆင့်မြင့် ပညာရပ်များအား စနစ်တကျ လေ့လာ သင်ကြားပေးနိုင်ရန်၊ နိုင်ငံ့ဝန်ထမ်းများ၏
ရာထူး အဆင့်အလိုက် အဆင့်မြင့် စီမံခန့်ခွဲမှု ပညာရပ်များကို
စာတွေ့သာမက လက်တွေ့နယ်ပယ်တွင် ကဏ္ဍအလိုက် အကျိုးရှိစွာ အသုံးချတတ်စေရန်ဖြစ်ပြီး
ရာထူး အဆင့်အလိုက် အရာထမ်းလောင်း ၀န်ထမ်းများအတွက် ဘွဲ့လွန်ဒီပလိုမာ သင်တန်း၊ အလယ်အလတ်အဆင့်
အရာထမ်းများအတွက် အဆင့်မြင့် ဒီပလိုမာသင်တန်း၊ အဆင့်မြင့် အရာထမ်းများအတွက် မဟာဘွဲ့
သင်တန်းများ ဖွင့်လှစ်ခြင်း တို့ကို ဆက်လက် ဆောင်ရွက်သွားမည့်အပြင် အဆင့်အလိုက် ဘွဲ့လွန်ဒီပလိုမာ၊
အဆင့်မြင့် ဒီပလိုမာနှင့် မဟာဘွဲ့တို့ကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment