Monday, January 2, 2017

လယ်ယာကဏ္ဍနှင့် စက်မှုကဏ္ဍ အချိုးညီစွာ ဖွံ့ဖြိုး တိုးတက်ရန်လို


နေပြည်တော် ဇန်နဝါရီ  ၂

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည်  ယနေ့နံနက် ၈ နာရီခွဲတွင်  ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့ ရွေးနဒီခန်းမတွင် ရပ်မိရပ်ဖများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ တိုင်း/ခရိုင်/ မြို့နယ် အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ ရှေးဦးစွာ မြို့နယ် အုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြသည်။ ဆက်လက်ပြီး ဒေသခံ ပြည်သူများမှ  လိုအပ်ချက်များကို တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီး များနှင့် တာဝန်ရှိသူများမှ လိုအပ်ချက်များအပေါ် ဆောင်ရွက်နေမှုများကို ပြန်လည်ရှင်းလင်းခဲ့သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံသားတိုင်း လုပ်ကိုင်လိုသည့် စီးပွားရေး လုပ်ငန်းများကို လွယ်ကူ အဆင်ပြေစွာ လုပ်ကိုင်နိုင်ရန် ကူညီပံ့ပိုး ပေးသွားမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဘက်ညီစွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် လယ်ယာကဏ္ဍနှင့် စက်မှုကဏ္ဍ အချိုးညီစွာ ဖွံ့ဖြိုးတိုးတက်ရန်လည်း လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုလည်း အတည်ပြုပြဋ္ဌာန်းပြီး ဖြစ်ပါကြောင်း၊ စီမံကိန်းများရေးဆွဲရာတွင် ပြည်သူများ ပါဝင်ရေးဆွဲသည့် ပြည်သူဗဟိုပြုစီမံကိန်းများဖြစ်ရန် လိုကြောင်း၊ မြို့မိမြို့ဖများနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပါဝင် ရေးဆွဲစေလိုကြောင်းဖြင့် ပြောကြားခဲ့ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။

ထို့နောက် လပွတ္တာမြို့၊ ကျောက်မော်ကျေးရွာ၊  ၃ မိုင်စက်မှုဇုန် လျာထား မြေနေရာရှိ MEF International  Company Limited ၏ အအေးခန်းနှင့် ဂဏန်းပျော့ မွေးမြူရေး လုပ်ငန်းသို့ သွားရောက်ကာ ဂဏန်းပျော့ မွေးမြူထားရှိမှု အခြေအနေ၊ ဂဏန်းပျော့များ နိုင်ငံခြားသို့  တင်ပို့ရန် ထုပ်ပိုးနေမှုများကို ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူ များမှ လိုက်လံရှင်းလင်း တင်ပြကြသည်။ ဆက်လက်ပြီး ၃မိုင် မြို့သစ်မြို့နှင့် စက်မှုဇုန်တို့သို့ ရေပေးဝေ လျှက်ရှိသည့် ၆၆ ဧက သောက်သုံးရေကန်သို့ သွားရောက်ကာ သောက်သုံးရေ ဖြန့်ဝေပေးနေမှု အခြေအနေများကို လည်းကောင်း၊ စက်မှုလက်မှု ပညာသင်ကျောင်းသို့ သွားရောက်ပြီး အသက်မွေးဝမ်းကျောင်း ပညာ သင်ကြားနေမှုများကို လည်းကောင်း၊ လပွတ္တာကမ်းနားလမ်းရှိ  သင်္ဘောဆိပ်ခံတံတားအား လည်းကောင်း သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)

No comments:

Post a Comment