Monday, January 30, 2017

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပ


နေပြည်တော်  ဇန်န၀ါရီ ၃၀
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့မွန်းလွဲ ၁နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက နှုတ်ခွန်း ဆက်စကားပြောကြားရာ၌ ယနေ့စတင်ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကာလတွင် ပြည်ထောင်စုအစိုးရ အဖွဲ့နှင့်  ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တာဝန်များနှင့် အညီ နိုင်ငံတော်အတွက်မဖြစ်မနေ ဆောင်ရွက်ပေးရမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းနှင့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်အတည်ပြုပေးကြရမည်ဖြစ်သည့်အတွက် ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း သတ်မှတ်လျာထားသည့် အချိန်အလိုက် ဦးစားပေး ဆောင်ရွက်ကြရမည့် အစည်းအဝေး ကာလတစ်ရပ် ဖြစ်ပါကြောင်း။
ထို့ကြောင့် ကိုယ်စားလှယ်များအနေဖြင့် ယခင်ပုံမှန်အစည်းအဝေး ကာလများထက် ပိုမိုများပြားသည့် အလုပ် တာဝန်များနှင့် ကြုံတွေ့ကြရမည် ဖြစ်ပါကြောင်း၊ ဤလုပ်ငန်းတာဝန်များကို အချိန်မီ အောင်မြင်စွာ ပြီးမြောက်နိုင်ရန်အတွက် အလုပ်၏ အရေးကြီးမှုအပေါ်မူတည်၍ အချိန်ကို အကျိုးရှိသထက်ရှိအောင် စနစ်တကျ စီမံအသုံး ပြုနိုင်ရန်နှင့် အားလုံးကလည်း သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများအတိုင်း ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း။
ထို့ကြောင့် သက်ဆိုင်သူအားလုံးက စေတနာမှန်၊ လုပ်နည်းလုပ်ဟန် မှန်ကန် စွာဖြင့် အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း၊ အထက်ပါ ဥပဒေ ကြမ်းများနှင့်စပ်လျဉ်းပြီး ဥပဒေဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာနှင့် ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာများတင်သွင်းကြရာတွင် အထောက်အကူပြုနိုင်ရန် အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်နိုင်ငံတော်၏ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ ကြမ်းများ၌ပါဝင်သည့် စီမံကိန်းလုပ်ငန်းများနှင့် ရငွေသုံးငွေများစိစစ်ရေးပူးပေါင်း အဖွဲ့ကိုလည်း ယခင်ဖွဲ့စည်းမှုကိုအခြေခံပြီး အဖွဲ့(၁၇)ဖွဲ့ ဖွဲ့စည်းပေးထားပြီးဖြစ် ကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့က ချမှတ်ဆောင်ရွက်နေသည့် လုပ်ငန်းစီမံကိန်းများ အမြန်အကောင်အထည် ဖော်နိုင်ရန် နှင့် ရရှိလာသည့် အကျိုးကျေးဇူးများကို ပြည်သူများ လက်ငင်းရေရှည်ခံစားနိုင်ရန်အတွက် ရည်မှန်းချက်ထားပြီး အမျိုးသားစီမံကိန်းဥပဒေ ကြမ်းကို လေ့လာစိစစ်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးများ တိုးတက်လာရန်အတွက် လွှတ်တော်ကိုတင်ပြလာသည့် စီမံကိန်းများသည် ပြည်သူအများစုကို ဗဟိုပြု၊ မပြုကိုလည်း ဝိုင်းဝန်းစဉ်းစားအဖြေရှာ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
ထို့ပြင် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းလာသည့် အမျိုး သားစီမံကိန်းဥပဒေကြမ်းကို လွှတ်တော်က ဆွေးနွေး အတည်ပြုပြီးသည့်အခါ အဆိုပါ စီမံကိန်းဥပဒေနှင့် ယခုနှစ်အတွက် အခွန်အခကောက်ခံမှုနှုန်းထားများ သတ်မှတ်ချက် များနှင့်အညီ ရေးဆွဲထားသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ ကြမ်းကို လက်တွေ့ဆောင်ရွက်ရမည့် စီမံကိန်းဥပဒေနှင့် ကိုက်ညီမှုရှိ၊ မရှိကို ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပါဝင်ဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပေးရမည်ဖြစ်ကြောင်း။
ယနေ့အချိန်အခါသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသား ပြည်သူများအပေါ် မှန်ကန်သည့် စိတ်ရင်းစေတနာ ထားရှိပြီး အမြော်အမြင် ကြီးမားစွာဖြင့် လုပ်ကိုင်ဆောင်ရွက် ပေးနိုင်မှု အရည်အချင်းများကို မှတ်ကျောက် တင်ခံရမည့် အချိန်လည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ မှန်ကန် သည့် စိတ်ကောင်းစေတနာဖြင့် အရည်အချင်းများကိုအသုံးပြုပြီး ပြည်ထောင်စုကြီး အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်နိုင်ကြစေလိုကြောင်း၊ မိမိတို့ နိုင်ငံတော်နှင့် နိုင်ငံသားများသာမက နိုင်ငံတကာကအလေး ထားသည့် ဥပဒေပြုလွှတ်တော် အသီးသီး အဖြစ် ရပ်တည်နိုင်စေရေးအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အားလုံးက သန့်ရှင်းသည့် စေတနာ၊ မှန်ကန်သည့် လုပ်နည်းလုပ်ဟန်များဖြင့် မိမိတို့၏ ကိုယ်စီတာဝန်ကျေပွန်မှုများကို ထုတ်ဖော်ပြသနိုင်ကြစေလိုကြောင်း တိုက်တွန်းပြော ကြားသည်။  
ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည့် (၇)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီးအစည်းအဝေးနှင့် (၈)ကြိမ်မြောက် ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် ထိပ်သီးအစည်းအဝေးခရီးစဉ်နှင့် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်နတ် ရွာစံခြင်းအတွက် ကျင်းပသည့် ၀မ်းနည်းကြောင်းအထိမ်းအမှတ် တရားဝင်အခမ်းအနားသို့ တက်ရောက်ခဲ့သည့်ခရီးစဉ်များကို လွှတ်တော်က မှတ်တမ်း တင်သည်။
ယင်းနောက်  လွှတ်တော်နာယကက “သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်း” ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော် နိုင်ငံတကာ ပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီ ဥက္ကဋ္ဌအဖြစ် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းအား ပြောင်းလဲတာဝန်ပေးအပ်ကြောင်းကို ရှင်းလင်းပြောကြားပြီး လွှတ်တော်၏ အဆုံး အဖြတ်ဖြင့် အတည်ပြုသည်။
ပြည်ထောင်စုလွှတ်တော်နာယက က စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် နှင့် ခန္တီးမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စုနှင့် ကျေးရွာများ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ကျေးရွာတစ်ရွာ အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်း၊ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်၊ မြင်းခြံမြို့နယ်၊ တံတားဦးမြို့နယ်၊ မြစ်သားမြို့နယ်၊ ပျော်ဘွယ် မြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့အတွင်းရှိ ကျေးရွာအုပ်စု၊ ကျေးရွာများ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ကျေးရွာ ၁၁ ရွာအမည် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် စစ်တွေမြို့နယ် ရွာသစ်ကေ ကျေးရွာအုပ်စုအတွင်းရှိ အောင်မင်္ဂလာကျေးရွာကို အောင်မင်္ဂလာမြောက်ရပ်ကွက် အဖြစ် ပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စရပ်များကို လွှတ်တော်သို့ တင်ပြပြီး မှတ်တမ်းတင် ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင်သော ကော်မတီ၏ အစီရင်ခံစာ ကို ဖတ်ကြားသည်။
လွှတ်တော်နာယကက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင် ၀င်းက ၂၀၁၇ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်ဝင်ငွေ အပြည့်အ၀ရရှိရေး၊ သင့်တင့်မျှတ ပြီး ပြည်သူအများ လိုက်နာထမ်းဆောင်နိုင်သော အခွန်နှုန်းထားများဖြစ် စေရေး၊ ပြည်သူအများ အခွန်ဆိုင်ရာ အသိပညာ၊ ဗဟုသုတတိုးပွားပြီး လိုလားစွာ အခွန်ထမ်း ဆောင်လာစေရန် ကြိုးပမ်းဆောင်ရွက်ရေး၊ နိုင်ငံတကာစံနှုန်းများနှင့် လျော်ညီသော အခွန်စနစ်ဖြစ်ပေါ်လာရေး၊ အခွန်တိမ်းရှောင် မှုများ ပပျောက်ရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ယင်းသို့ ဆောင်ရွက်ရာတွင် အခွန်ဝန်ထမ်းများ၏ စိတ်ထားခံယူချက်၊ လုပ် ဆောင်ချက်များ ပြုပြင်ပြောင်းလဲရေး၊ ဆုပေးဒဏ်ပေးစနစ်ကို ထိရောက်စွာ ကျင့်သုံး ဆောင်ရွက်ရေး၊ အခွန်ပညာ ပေးမှု ပိုမိုလုပ်ဆောင်ရေး၊ နိုင်ငံတကာအဆင့်မီ အခွန် စနစ် ဖြစ်ပေါ်လာစေရေးတို့အတွက် တာဝန်ရှိသည့် ဌာနအဖွဲ့အစည်းများက ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အခွန်ထမ်းပြည်သူများဘက်ကလည်း မိမိတို့၏ ပုဂ္ဂလိက အကျိုးစီးပွား တစ်ခုတည်းကိုသာ မကြည့်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ အခွန်တာဝန်ကို လိုလားစွာ ထမ်းဆောင်လာကြစေရန် လိုအပ်ပါကြောင်း။
အခွန်ထမ်းများ၏ အခွန်ထမ်းဆောင်မှု၊ အခွန်ဝန်ထမ်းများ၏ ဆောင်ရွက်ချက် များနှင့်ပတ်သက်၍ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရာတွင် လွှတ်တော်ကိုယ်စား လှယ်တော်ကြီးများကလည်း ၀ိုင်းဝန်းပူးပေါင်းပါဝင်၍ လိုအပ်သည်များကို ဆွေးနွေး အကြံပြုပေးကြပါရန်နှင့် ၂၀၁၇ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေမူကြမ်းကို ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် လွှတ်တော်သို့ တင်သွင်းအပ်ပါကြောင်း ရှင်းလင်းပြော ကြားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့်  ၂၀၁၇ ခုနှစ် ပြည်ထောင် စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေ သုံးငွေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးတို့ကိုယ်စား ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း၊  ပြည်ထောင်စုလွှတ်တော် ရုံးကိုယ်စား  ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ရုံးကိုယ်စား ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌတို့က သက်ဆိုင်ရာရုံး အလိုက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ရငွေ၊ သုံးငွေလျာထားချက်များကို လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment