Thursday, January 19, 2017

လက်နက်ကိုင်အဖွဲ့များအတွက် ငွေကြေးထောက်ပံ့ကူညီခြင်း၊ သတင်းပေးခြင်း၊ လူသစ်စုဆောင်းပေးခြင်းနှင့် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ခြင်းများ ဆောင်ရွက်ခဲ့သူ ၂ ဦးအား ဖော်ထုတ်ဖမ်းဆီးစစ်ဆေး


နေပြည်တော် ဇန်န၀ါရီ ၁၉
မုံးကိုးတိုက်ပွဲဖြစ်စဉ်၌ လက်နက်ကိုင်အဖွဲ့များအတွက် လူသစ်စုဆောင်းပေးခြင်း၊ သတင်းပေးခြင်း၊ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ခြင်းများကို ပါဝင်လုပ်ဆောင်ခဲ့ ကြသူများ မုံးကိုးမြို့အတွင်း ပြန်လည်ရောက်
ရှိနေကြောင်း သတင်းဖော်ထုတ်ချက် များအရ တပ်မတော်စစ်ကြောင်းများက ဖော်ထုတ်ရှာဖွေခဲ့ရာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက် ည ၆ နာရီခွဲခန့်တွင် မုံးကိုးမြို့၊ အမှတ်(၁)ရပ်ကွက်နေ မသင်္ကာဖွယ် အဘ ဦးဒေါ့နော်၏သား ဒီဒီနောင်လတ်နှင့် မုံးကိုးမြို့၊ ကောင်းလုံ ကျေးရွာနေ အဘ ဦးလန်ဂျော်လဖုန်း၏သား လန်ဂျော်ဂမ်ဆိုင်းတို့ ၂ ဦးအား ဖမ်းဆီး ရမိခဲ့သည်။
၎င်းတို့ ၂ ဦးသည် ဒီဇင်ဘာ ၄ ရက်တွင် မုံးကိုးမြို့သို့ တပ်မတော်စစ်ကူစစ် ကြောင်းများ ရောက်ရှိထိန်းချုပ် နိုင်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းလျက်ရှိစဉ် တစ်ဖက် နိုင်ငံသို့ ခေတ္တထွက်ပြေးတိမ်းရှောင်နေခဲ့ကာ ဒီဇင်ဘာလ ၇ ရက်တွင် မုံးကိုးမြို့ အတွင်းသို့ တိုက်ပွဲရှောင်ပြည်သူများနှင့်အတူ ပြန်လည်ဝင်ရောက်နေထိုင်လာစဉ် ရှာဖွေဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။  
ထိုသို့ အသေးစိတ်ဖော်ထုတ် စစ်ကြောမေးမြန်ချက်များအရ ဒီဒီနောင်လတ်ဆိုသူ သည် မုံးကိုးတိုက်ပွဲဖြစ်စဉ် ကာလအတွင်း မုံးကိုးမြို့နှစ်ခြင်းခရစ်ယာန်အသင်း၏ ဥက္ကဋ္ဌအဖြစ် အသွင်ယူ၍ တပ်မတော်စစ်ကြောင်းများ၏ လှုပ်ရှားမှုများအား   လက်နက်ကိုင်အဖွဲ့များထံသို့ သတင်းပေးခြင်း၊ ငွေကြေးထောက်ပံ့ပေးခြင်း၊ ပြည်ပ မီဒီယာ များနှင့် ချိတ်ဆက်၍ တပ်မတော်အပေါ် နိုင်ငံတကာနှင့် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ခြင်း၊ မုံးကိုးတိုက်ပွဲဖြစ်စဉ် မတိုင်မီနှင့် တိုက်ပွဲကာလများအတွင်း KIA လက်နက်ကိုင်အဖွဲ့နှင့် အကြိမ်ကြိမ် ဆက်သွယ်ဆောင်ရွက်ခဲ့ခြင်းများကို လုပ်ဆောင်ခဲ့သူဖြစ်ကြောင်းနှင့် လန်ဂျော်ဂမ်ဆိုင်း ဆိုသူသည်လည်း တိုက်ပွဲဖြစ်စဉ်ကာလအတွင်း KIA လက်နက်ကိုင်အဖွဲ့များအား တပ်မတော်သတင်းများ ပေးခြင်း၊ လက်နက်ကိုင်အဖွဲ့များအတွက် လူသစ်စုဆောင်းပေး ခြင်းနှင့် သွားလာမှုအဆင်ပြေစေရန် စက်သုံး ဆီများ သယ်ယူ ပို့ဆောင်ပေးခြင်းများကို ကူညီလုပ်ဆောင်ပေးခဲ့သူဖြစ်ကြောင်း စစ်ဆေးဖော်ထုတ် သိရှိရသည်။
တပ်မတော်စစ်ကြောင်းများက လက်နက်ကိုင်အဖွဲ့များ၏ အမာခံများ ထပ်မံဖမ်းဆီး ရမိရေးနှင့် ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ဆက်လက်စိစစ် ဖော်ထုတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment