Thursday, January 19, 2017

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆိုင်ရာ ဆွေးနွေးပို့ချမှုသင်တန်း Peace Process Orientation Course (၁/၂၀၁၇) ဖွင့်လှစ်


နေပြည်တော် ဇန်န၀ါရီ  ၁၉
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆိုင်ရာ ဆွေးနွေးပို့ချမှုသင်တန်း Peace Process Orientation Course (၁/၂၀၁၇) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာနတွင် ကျင်းပသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆိုင်ရာ ဆွေးနွေးပို့ချမှုသင်တန်း Orientation Course ဖွင့်ပွဲတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင့်ဆွေက မိမိတို့နိုင်ငံတွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ သည်မှာ နှစ်ပေါင်း ၇၀ နီးပါးရှိခဲ့ပြီဖြစ်ပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တစ်လျှောက်လုံး ပြောဆိုလာခဲ့သည်မှာ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်း နိုင်ခဲ့သည့်အတွက် တိုက်ပွဲများဖြစ်နေရသည်ဟု ဆိုပါကြောင်း၊ အမြဲတမ်းတောင်း ဆိုခဲ့သည်မှာ လည်း နိုင်ငံရေးဆွေးနွေးပွဲများဖြစ်ပါကြောင်း၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန်နှင့် တိုင်းရင်းသားများ အစဉ်တစိုက်တောင်းဆိုခဲ့သည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် ရည်ရွယ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို ဆောင် ရွက်ခဲ့ပါကြောင်း။
နှစ်ပေါင်းများစွာဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်အတွက် တစ်ခု တည်းသောအဖြေသည် လက်ရှိမြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်ပြီး ထိထိရောက်ရောက် လက်တွေ့အကောင်အထည်ဖော်နိုင်မည့် ဖက်ဒရယ်စနစ်ပင်ဖြစ်ပါကြောင်း၊ ယင်းကို အားလုံး က လက်ခံထားပြီးဖြစ်ပါကြောင်း၊ ဖက်ဒရယ်စနစ်ကို ညှိနှိုင်းဆွေးနွေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံသည် တစ်ခုတည်းသောနိုင်ငံရေး စားပွဲဝိုင်းဖြစ်ပါကြောင်း။
ဖက်ဒရယ်ဆိုလျှင် ဖက်ဒရေးရှင်း၊ တစ်ပြည်ထောင်၊ ဖက်ဒရယ်စနစ်တစ်ခုစီမှာကိုပဲ မူကွဲ အသွင်ကွဲများ များစွာရှိနေပါကြောင်း၊ မြန်မာနိုင်ငံအတွက် အသင့်လျော်ဆုံး ဖက်ဒရယ်ဟာ ဘယ်လိုမျိုးလဲဆိုတာကို ညီလာခံတွင် ဆွေးနွေးညှိနိုင်းကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်သည် အစဉ်အဆက်ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းများ၊ တွေ့ကြုံခဲ့ရသည့် အခက်အခဲများ၊ ကျယ်ပြန့်လှသည့် နိုင်ငံရေးပြဿနာများကို အခြေခံပြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းပြဿနာများကိုနားလည်ပြီး ဖြေရှင်းနိုင်ရန် မည်သို့ကြိုးပမ်း ဆောင်ရွက်နေသည် ဆိုသည်ကို Orientation Course ပြီးသည့်အခါ သိရှိလာကြမည်ဖြစ်ပါကြောင်း။
ယခု Orientation Course တွင် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အခြေခံဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) နှင့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ၊ ညီလာခံအတွင်း စေ့စပ်ညှိနှိုင်းမှုများ မည်သို့လုပ်ဆောင်ကြ မည်၊ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းကြသည့်အခါ မည်သို့လုပ်ဆောင်ကြမည် ဆိုသည်ကို ရှင်းလင်း သွားရန် စီစဉ်ထားပါကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲတွင် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍနှင့် မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍဟူ၍ ကဏ္ဍကြီး ၅ ခု ခွဲခြားထားပါကြောင်း၊ ကဏ္ဍအလိုက်  Negotiate ဘယ်လိုလုပ်မည်၊ Decision ဘယ်လို ချမှတ်ကြမည်၊ ဆွေးနွေးပွဲများတွင် Deadlock ဖြစ်ပါက ဘယ်လို လုပ်ကြမည် ဆိုသည့်ကိစ္စ ရပ်များကို အားလုံးနားလည် သဘောပေါက်အောင် နည်းပြများအဖြစ် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် လက်တွေ့ ပါဝင်ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များကို အဓိကထားပြီး ရွေးချယ်ထားပါ ကြောင်း ပြောကြားသည်။
ယနေ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဆိုင်ရာ ဆွေးနွေးပို့ချမှုသင်တန်း Orientation Course တွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA)ဖြစ်ပေါ်လာပုံ အဆင့်ဆင့်ကိုလည်းကောင်း၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ၀ဏ္ဏအောင်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)နှင့် ၎င်း၏လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေက နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်နှင့်ပတ်သက်၍ လည်းကောင်း၊ ဆရာဦးကျော်ဝင်းက ဖက်ဒရယ် စနစ်နှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးဟောပြောခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆိုင်ရာ ဆွေးနွေးပို့ချမှုသင်တန်းသို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကနဦးရှေ့ပြေးကျင်းပမည့် နေရာဒေသများမှ ကြီးကြပ်မှုကော်မတီဝင်များ၊ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန်အဆင့်သင့် မဖြစ်သေးသော ပြည်နယ်များမှ ကြီးကြပ်မှုကော်မတီဝင်များ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံသို့ တက်ရောက်ဆွေးနွေးမည့် အစိုးရကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့တိုင်းရင်းသားကိုယ်စား လှယ်များနှင့် အစိုးရအစုအဖွဲ့အကျိုးဆောင်များ တက်ရောက်ကြသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆိုင်ရာ ဆွေးနွေးပို့ချမှုသင်တန်း Peace Process Orientation Course (၁/၂၀၀၇)ကို ဇန်န၀ါရီ ၁၉ ရက်မှ ၂၁ ရက်အထိ ၃ ရက်ကြာ ပို့ချသွားမည်ဖြစ်ပြီး ဇန်န၀ါရီ ၂၀ ရက်နှင့် ၂၁ ရက်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်အခြေအနေနှင့် စုဖွဲ့မှုများ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းလမ်းညွှန်များ၊ အမျိုးသားအဆင့် ဆွေးနွေးပွဲများနှင့် လုပ်ငန်းလမ်းညွှန်များ၊ ညီလာခံအတွင်းဆွေးနွေး စေ့စပ်ညှိနှိုင်းမှု အကြောင်း အရာများကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment