Sunday, January 1, 2017

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ၂၀၁၇ နှစ်သစ်ကူးမင်္ဂလာ နှုတ်ခွန်းဆက်လွှာ

ချစ်ခင်လေးစားရပါသော တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှမများအားလုံး နှစ်ဟောင်းမှသည် နှစ်သစ်သို့ ကူးပြောင်းရောက်ရှိပြီဖြစ်တဲ့ နှစ်သစ်ကူး အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး လိုအင် ဆန္ဒများ ပြည့်ဝပါစေကြောင်း ဆုတောင်းမေတ္တာပို့သပြီး နှုတ်ခွန်းဆက်သလိုက်ပါတယ်။

နှစ်တစ်နှစ်ကို ကျော်ဖြတ်ခဲ့ရာ နှစ်ဟောင်းတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ကိစ္စရပ်များအပေါ် ပြန်လည်သုံးသပ်ပြီး နှစ်ဟောင်း၏ မကောင်းသည်များကို စွန့်ပယ်၍ သင်ခန်းစာယူကာ နှစ်သစ်အချိန်ကာလမှစတင်ပြီး လုပ်ဆောင်ဖွယ်ရာကိစ္စ မှန်သမျှကို မိမိတို့၏ စိတ်ရင်းစေတနာမှန် ဆန္ဒမှန်ဖြင့် သဒ္ဓါတရားလက်ကိုင်ထားကာ ကိုယ်ကျင့်တရား ကောင်းမွန်စွာဖြင့် ကြိုးစားလုပ်ဆောင်သွားကြရမှာပဲ ဖြစ်ပါတယ်။
ပြည်ထောင်စုသားအားလုံး၏ တူညီသောရည်မှန်းချက်ဖြစ်သည့် ချမ်းသာကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် မိမိတို့ရဲ့ သံသယ အာဃာတ အတ္တမာနများကို စွန့်ပယ်ကာ နှစ်သစ်မှာ စိတ်သစ်လူသစ် ခွန်အားသစ်များဖြင့် တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှမများအားလုံး စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ဖြင့် အတူတကွ ပူးပေါင်းပါဝင် လက်တွဲတည်ဆောက် သွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ခရစ်နှစ် ၂၀၁၇ ခုနှစ်မှစ၍ သာယာချမ်းမြေ့သော ဘ၀များကို ပိုင်ဆိုင်နိုင်ကြပါစေ ကြောင်း ဆန္ဒပြုအပ်ပါတယ်။

No comments:

Post a Comment