Sunday, January 1, 2017

တာချီလိတ်မြို့အ၀င် သဗ္ဗညု ဆုတောင်းပြည့် စေတီတော်မြတ်ကြီး ရွှေထီးတော် တင်လှူပူဇော်ပွဲ စည်ကား သိုက်မြိုက်စွာ ကျင်းပ


တာချီလိတ် ဇန်န၀ါရီ ၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့အား အမှူး ထား၍ တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုများနှင့် ဓမ္မမိတ်ဆွေ စေတနာရှင် အလှူရှင်များ စုပေါင်းကာ တာချီလိတ် မြို့အ၀င်၌ တည်ထား ကိုးကွယ်သည့် သဗ္ဗညုဆုတောင်းပြည့် စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ် နားတော်နှင့် ရွှေထီးတော် တင်လှူပူဇော်ပွဲကို ယနေ့ ဇန်န၀ါရီ ၁ ရက်၊ နံနက် ၁၁ နာရီက အဆိုပါ ဘုရား ပုရ၀ုဏ် တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြောင်း သိရသည်။




ရွှေထီးတော် တင်လှူပူဇော်ပွဲသို့ နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော် နိုင်ငံတော် သြ၀ါဒါစရိယအဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ၊ အဂ္ဂမဟာပဏ္ဍိတ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ ဘဒ္ဒန္တဓမ္မသီရိ ၊ မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဥာဏသံဝရ ၊ မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ၀ိမလ အမှူးပြုသော ဆရာတော်သံဃာတော် အရှင်သူမြတ်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ၊ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဘုန်းမြတ် နှင့် တပ်နယ်မှ အရာရှိများ ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကောင်းစံဦး၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများ တက်ရောက်သည်။

ရှေးဦးစွာ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော်အရှင်သူမြတ် များက ဗုဒ္ဓဘိသေက အနေကဇာတင်မင်္ဂလာဆင်ယင်ကျင်းပပြီး၊ ပရိတ်တရားတော်များ ချီးမြှင့်ကာ မဟာဗောဓိ ကမ္မဋ္ဌာန်း ကျောင်းတိုက် ဆရာတော် ထံမှ ဧည့်ပရိတ်သတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် တိုင်းမှူး နှင့် တာဝန်ရှိသူများက ဆရာတော်အရှင်သူမြတ် များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး၊ မင်္ဂလာ အချိန်တွင် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူး တော်တို့ကို အစီအစဉ်အတိုင်း စေတီတော်ပေါ်သို့ ပင့်ဆောင် တင်တော်မူသည်။

အဆိုပါ သဗ္ဗညု ဆုတောင်းပြည့် စေတီတော်ကို ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပန္နက်ရိုက်၍ စတင် တည်ထားခဲ့ကာ ဥာဏ်တော်အမြင့်(၅၄)ပေ၊ ထီးတော်မှာ (၉)ပေခွဲ ရှိပြီး၊ စေတီတော်ရင်ပြင်မှာ (၁၁၀)ပေ ပတ် လည် ကျယ်ဝန်းကြောင်း သိရသည်။

No comments:

Post a Comment