Sunday, January 1, 2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ၂၀၁၇ ခုနှစ် နှစ်သစ်ကူးမင်္ဂလာ နှုတ်ဆက်စကား

ချစ်ခင်လေးစားရပါသော တိုင်းရင်းသားပြည်သူများအားလုံး ၂၀၁၇ ခုနှစ် နှစ်သစ်မင်္ဂလာ အခါသမယမှာ ကိုယ်စိတ် နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဦးစွာမေတ္တာပို့သအပ်ပါတယ်။


ယနေ့အချိန်အခါဟာ တိုင်းရင်းသားပြည်သူများရဲ့ဆန္ဒနဲ့အညီ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသော ကာလဖြစ်၍ မိမိတို့မျှော်မှန်းတဲ့ ဒီမိုကရေစီ ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိရန် တိုင်းရင်းသားပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးတို့အတွက် တိုင်းရင်းသားပြည်သူများအားလုံးက စည်းလုံးညီညွတ်စွာ တက်ညီလက်ညီ အတူလက်တွဲ၍ ဆောင်ရွက်ကြရမယ့် အချိန်အခါလည်း ဖြစ်ပါတယ်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဆက်လက်ရှင်သန်နိုင်ဖို့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲဖို့ အတွက် မပြတ်သောသတိ၊ မလျှော့သောလုံ့လ၊ ဝီရိယနဲ့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အားထုတ်နိုင်ကြပါစေ၊ နိုင်ငံတော် နှင့် နိုင်ငံသူ နိုင်ငံသားအားလုံးတို့ရဲ့အကျိုးကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေ၊ ပြည်ထောင်စုကြီးနှင့် အနာဂတ် မျိုးဆက်များအတွက် မိမိတို့က ဘယ်ပုံဘယ်နည်းနဲ့ စွမ်းဆောင် ပေးနိုင်ကြမလဲဆိုတဲ့ စိတ်သစ်၊ လူသစ်ကို နှစ်သစ်မှာ မွေးမြူနိုင် ကြပါစေလို့ ဆန္ဒပြု နှုတ်ခွန်းဆက်သလိုက်ပါတယ်။

No comments:

Post a Comment