Sunday, January 15, 2017

စနစ်သစ် ဘတ်စ်ကားပြေးဆွဲမှု လမ်းကြောင်းပြခရီးစဉ်နှင့် မြေပုံအခမဲ့ဖြန့်ဝေမည်

ရန်ကုန် ဇန်နဝါရီ ၁၄
ရန်ကုန်မြို့တော်၏ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ဘတ်စ်ကားပြေးဆွဲမှု စနစ်သစ်ကို ဇန်နဝါရီ ၁၆ ရက်တွင် စတင်မည်ဖြစ်ရာ ဘတ်စ်ကားစီး ခရီးသည်များ အခက်အခဲမကြုံတွေ့စေရန် ဘတ်စ်ကားမှတ်တိုင်များ၌ ယာဉ်လိုင်းနံပါတ်နှင့် လမ်းကြောင်းခရီးစဉ်များပြ လမ်းòန်ဆိုင်းဘုတ်များ တပ်ဆင်လျက်ရှိသည်။

ထို့အတူ ခရီးသွားပြည်သူများအတွက် စနစ်သစ်အရ ပြေးဆွဲမည့်ယာဉ်လိုင်းလမ်းကြောင်းများကို မြန်မာဘာသာဖြင့် ရေးသား ထားပြီး မြေပုံများပါဝင်သည့် လမ်းညွှန်လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၁၅ ရက်ညမှစတင်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ မြို့နယ်အလိုက် တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များမှတစ်ဆင့် အခမဲ့ ပေးဝေမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်အတည်ပြုချက်ရယူပြီး တယ်လီနော (မြန်မာ) ၏ ပံ့ပိုးကူညီမှုဖြင့် DPS က မြေပုံထုတ်ယူ ရိုက်နှိပ်မည်ဖြစ်ကြောင်း DPS မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ပထမအသုတ် စောင်ရေနှစ်သိန်းကို နယူးပရင့်စ်သတင်းစာစက္ကူသားဖြင့် ရိုက်နှိပ်ကာ ဒုတိယအသုတ် စောင်ရေ သုံးသိန်းကို ပိုမိုကောင်းမွန်စေရန် ဝူဖရီစက္ကူသားဖြင့် ရိုက်နှိပ်ပြီး ခုနစ်ရက်အတွင်း အခမဲ့ပေးဝေမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ စီးပွားရေးသမားအချို့က ယာဉ်လိုင်း ၆၁ လိုင်း၏ ခရီးစဉ်များကို ရေးသားဖော်ပြထားသည့် လက်ကမ်းစာရွက်များကို ငွေကျပ် ၁၀၀ ကျပ်၊ ၂၀၀ တို့ဖြင့် ရောင်းချလျက်ရှိရာ ဖတ်ရှုသူတို့အဖို့ ရှင်းလင်းခြင်းမရှိကြောင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ က အတည်ပြုထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။

အောင်သူရ

No comments:

Post a Comment