Sunday, January 15, 2017

ပြည်တွင်းစာပေဝါသနာရှင်များသာမက နိုင်ငံခြားသားခရီးသွားဧည့်သည်များအတွက်ပါ စိတ်ဝင်စားစရာ နေရာတစ်ခုဖြစ်လာမည့် စနေ- တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း စာအုပ်ဈေးတန်း

သတင်း - မင်းသစ်(သတင်းစဉ်)
ဓာတ်ပုံ - ဇော်မင်းလတ်
ရန်ကုန် ဇန်နဝါရီ ၁၄
ပြန်ကြားရေးဝန်ကြီးဌာန၏ စာအုပ်စာပေ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ဖွင့်လှစ်သည့် စနေ - တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း စာအုပ်ဈေးတန်း၌ ယနေ့ နံနက်ပိုင်းမှစတင်ကာ စာအုပ်လာရောက် ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။ စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်းစာအုပ်ဈေးတန်းကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံရှေ့၊ အတွင်းဝန်များရုံး (ဝန်ကြီးများရုံး) ရှေ့ လမ်းတစ်ဖက်စီနှင့် အနော်ရထာလမ်း ဗဟိုပုံနှိပ်စက်ရုံဘေးတို့၌ စာအုပ်ဆိုင်ခန်းများဖြင့် ခင်းကျင်းပြသ ရောင်းချလျက်ရှိသည်။

ထောက်ကြန့်မြို့နယ်မှ စာအုပ်လာရောက်ဝယ်ယူသူ မအိဇင်ထွန်းက “အရင်က စာအုပ်ဝယ်မယ်ဆို တစ်နေရာဆီ လိုက်ရှာ ဝယ်နေရတယ်၊ သွားပြန်တော့လည်းမရှိတာက များတယ်၊ ဒီလိုတစ်နေရာတည်းမှာ စာအုပ်မျိုးစုံရောင်းတော့ ဝယ်ယူသူတွေ အနေနဲ့ တော်တော်အဆင်ပြေတယ်။ ကိုယ်လိုချင်တဲ့ စာအုပ်တွေကိုလည်း တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း ဝယ်လို့ရ တယ်၊ အချိန်လည်း မကုန်တော့ဘူး”ဟု ပြောသည်။
စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း စာအုပ်ဈေးတန်းသည် ပြည်တွင်းစာပေဝါသနာရှင်များသာမက နိုင်ငံခြားသား ခရီးသွား ဧည့်သည်များအတွက်ပါ စိတ်ဝင်စားစရာ နေရာတစ်ခုဖြစ်လာကြောင်း စနေ-တနင်္ဂနွေ စာအုပ်လမ်း ကြီးကြပ်ကော်မတီမှ သိရသည်။
“ဒီနေရာလေးက ဝန်ကြီးများရုံးကလည်း ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံ၊ ပုံနှိပ်စက်ရုံကလည်း ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံနှစ်ခုကြားမှာ ဖွင့်ထားတာဆိုတော့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေအတွက် စိတ်ဝင်စားစရာ နေရာတစ်ခု ဖြစ်လာနိုင်တယ်။ ပြည်တွင်းမှာရှိတဲ့သူတွေအတွက်လည်း သွားစရာနေရာလေးတစ်ခု ဖြစ်လာမယ်” ဟု စနေတနင်္ဂနွေ စာအုပ်လမ်း ကြီးကြပ်ကော်မတီဥက္ကဋ္ဌ ဦးနေမျိုးညွန့်က ပြောကြားသည်။
စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း စာအုပ်ဈေးတန်းတွင် စာအုပ်စာပေ ရောင်းချသည့် ဆိုင်ခန်းများအပြင် ပန်းချီကားဆိုင်၊ အမှတ်တရ လက်ဆောင်ပစ္စည်း ရောင်းချသည့်ဆိုင်များလည်း ဖွင့်လှစ်ရောင်းချလျက်ရှိရာ ယခုအခါ ဆိုင်ခန်းပေါင်း ၁၇၀ ကျော် ခန့်ရှိပြီဖြစ်ကြောင်း စနေ-တနင်္ဂနွေ စာအုပ်လမ်းကြီးကြပ်ကော်မတီမှ သိရသည်။
“ဒီနေရာလေးက စာအုပ်ဆိုင်တွေအတွက် အဆင်ပြေပါတယ်။ တစ်ပတ်ကိုနှစ်ရက်ဆိုပေမယ့် အပတ်တိုင်းရောင်းရရင်တော့ လူသိများလာမှာပါ။ စာအုပ်ဈေးတန်းတွေက ပျောက်ကွယ်ကုန်ပြီ၊ စာအုပ်အငှားဆိုင်တွေကလည်း တဖြည်းဖြည်းနဲ့ မရှိတော့ဘူး။ ဒီလိုလုပ်ပေးတဲ့အတွက် စာအုပ်ရောင်းတဲ့သူတွေအတွက် အဆင်ပြေတယ်။ ရောင်းအားကတော့ အသင့်အတင့်ပဲရှိ သေးတယ” ဟု နေစေးစာပေမှ ကိုနေစေးက ပြောသည်။
ထို့အတူ အိပ်မက်ရိပ်စာပေမှ ဦးစိုးဝင်းက “ဒီတစ်ပတ်မှ စဖွင့်တယ်၊ ဝယ်သူအတွက်ရော ရောင်းသူအတွက်ပါ ဒီနေရာလေးက အဆင်ပြေတယ်။ နယ်ကစာအုပ်လာဝယ်တဲ့သူတွေ အတွက်ဆို စာအုပ်စုံစုံလင်လင် ရသွားတော့ ပိုအဆင်ပြေတာပေါ့။ ဖွင့်ခါစ ဆိုတော့ ရောင်းအားက သိပ်မတက်သေးဘူး” ဟု ပြောသည်။

စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း စာအုပ်ဈေးတန်းကို ဇန်နဝါရီ ၇ ရက် (စနေနေ့) နှင့် ဇန်နဝါရီ ၈ ရက် (တနင်္ဂနွေနေ့)တို့တွင် စတင်ဖွင့်လှစ်ခဲ့ကာ ယခုအခါ ဒုတိယအပတ် စနေ၊ တနင်္ဂနွေ ဖွင့်လှစ်ခြင်းဖြစ်ပြီး လာမည့် စနေ၊ တနင်္ဂနွေ ရက်များတွင် ဖွင့်လှစ်မည့် စာအုပ်ဈေးတန်းတွင် စာအုပ်ဆိုင်များအပြင် ကာတွန်းပြပွဲများနှင့် တခြားစိတ်ဝင်စားဖွယ် အစီအစဉ်များလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment