ရန်ကုန်-ဇန်န၀ါရီ ၇
သတင်း - မြတ်စန္ဒီ
ဓာတ်ပုံ - လှမိုး
အမျိုးသား ကျန်းမာရေး ကွန်ရက်နှင့် လူရည်ချွန် (၁၉၆၄- ၁၉၈၈) အဖွဲ့တို့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန် မျက်မမြင်ကျောင်း(ခ၀ဲခြံ)သို့ ကျန်းမာရေး
စောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရဒါန လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်း၌
ကျင်းပသည်။
ယနေ့ လှူဒါန်းပွဲတွင် ရန်ကုန်မျက်မမြင်
ကျောင်း (ခ၀ဲခြံ)ရှိ ကျောင်းသူ ကျောင်းသား များနှင့် ဆရာဆရာမ ၀န်ထမ်းများအား သွား၊
ခံတွင်း ရောဂါနှင့် ပတ်သက်ပြီး စစ်ဆေးကာ နံနက်ပိုင်း အာဟာရဒါန၊ နေ့လယ်စာ စားသောက် ဖွယ်ရာများနှင့် အ၀တ်အထည်များ၊ လိုအပ်သည့်
အသုံးအဆောင်များကို လှူဒါန်းခဲ့ခြင်း ဖြစ် သည်။
လူရည်ချွန် (၁၉၆၄- ၁၉၈၈)အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ
တင်မျိုးဝင်းက “နှစ်ဖွဲ့စလုံးက စေတနာရှင်တွေ၊ ကလေး အထူးကု ဆရာဝန်ကြီးတွေ လာရောက် စစ်ဆေးပေး
ကြတယ်။ ဒီနေ့ကတော့ သွားနဲ့ ခံတွင်းရောဂါနဲ့ ပတ်သက်ပြီး အဓိကစစ်ဆေး ပေးပါတယ်။ မျက်စိ
ဆရာဝန်ကြီးတွေ ကတော့ ရှေ့အပတ်ထဲမှာ လာပြီး စစ်ဆေးဖို့ ရှိပါတယ်။ အာဟာရပိုင်း ဆိုင်ရာ
ဖြည့်ဆည်း ပေးရုံတင်မကဘဲ သူတို့ရဲ့ ဗဟုသုတပိုင်း၊ စိတ်ပိုင်း ဆိုင်ရာတွေကို မြှင့်တင်ပေးဖို့
လိုအပ် ပါတယ်။ ရှေ့ဆက် ပြီးတော့လည်း ကူညီဖို့ အစီအစဉ်တွေ ရှိပါတယ်”ဟုပြောသည်။
အဆိုပါကျောင်းတွင် ကျောင်းအိပ် ကျောင်းစား
ကျောင်းသား ဦးရေ ၈၀ နှင့် ကျောင်းသူ ဦးရေ ၇၄ ဦးတို့ တက်ရောက်လျက် ရှိပြီး ဆရာ ဆရာမ ၁၈ ဦးနှင့် အဆောင်မှူး ၆ ဦးရှိကြောင်း သိရသည်။
ကျောင်းအုပ်ဆရာကြီး ဦးသိန်းလွင် က “အခုလို
ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အာဟာရဒါန လှူဒါန်းမှု နှစ်ခုပေါင်း လုပ်တာက ပထမဆုံး အကြိမ်ဖြစ်ပါတယ်။
ဒီကျောင်းမှာ အခုနှစ် တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူ ၁၅၄ ဦးရှိပြီး KG အတန်း
ကနေ တက္ကသိုလ် ၀င်တန်းအထိ ရှိကြပါတယ်။ ကျောင်းမှာ စာသင်ပြီးရင် လုပ်ကိုင် စားသောက်ဖို့
လိုအပ်တဲ့ ပညာရပ်တွေ သင်ပေးတယ်။ ကွန်ပျူတာပိုင်း၊ ပြင်ပမှာ သွားလာ လှုပ်ရှားမှု အတွက်နဲ့
မိမိရဲ့ လုပ်ငန်း ဆောင်တာတွေကို ကိုယ်တိုင် ထမ်းဆောင် နိုင်ဖို့ လေ့ကျင့်ပေးတယ်။ လှူဒါန်းမှုတွေ
အပြင် မျက်မမြင် ကျောင်းသားတွေ ပြင်ပမှာ အလုပ် လုပ်ကိုင်တဲ့အခါ ၀ိုင်းဝန်းဖေးမ ကူညီဖို့
တိုက်တွန်း လိုပါတယ်”ဟု ပြောသည်။
ရန်ကုန် မျက်မမြင်ကျောင်း (ခ၀ဲခြံ)ကို ၁၉၇၅
ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး အစိုးရနှင့် ပြည်တွင်းရှိ စေတနာရှင် အလှူရှင်များ၏ ပံ့ပိုးလှူဒါန်းမှုဖြင့်
ရပ်တည်လျက် ရှိကြောင်း သိရသည်။

No comments:
Post a Comment