ညောင်ဦး ဇန်န၀ါရီ
၁၄
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည်
ဇန်န၀ါရီ ၁၄ ရက်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ
ရေးဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးခရိုင်ရုံးစာကြည့်တိုက်တို့ကို
ကြည့်ရှုစစ်ဆေးပြီး ၀န်ထမ်းများ၊ မြို့နယ် စာရေး ဆရာအသင်းမှ စာရေးဆရာများနှင့်တွေ့ဆုံကာ
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများအသိပညာ မြင့်မားရေးလုပ်ငန်းများကို
ဆွေးနွေးမှာကြားသည်။
ပြည်ထောင်စုဝန်ကြီးက မိမိတို့ရုံးစာကြည့်တိုက်များအား အများပြည်သူအကျွမ်း
ဝင်သည့်နေရာ၊ အများပြည်သူအား အကျိုးပြု သည့်နေရာ၊ အများပြည်သူ အသိပညာရှာမှီးနိုင်သည့်
နေရာများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့ပြင် စာကြည့်တိုက်သို့ စာဖတ်သူမလာရောက်နိုင်လျှင် မိမိတို့ကစာဖတ်သူ
ထံသွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေး သည့် ၀န်ဆောင်မှုစနစ်ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊
ကလေးများအား စာပေဖတ်ရှုရုံသာမက ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်စေမည့်၊ ပျော်ရွှင်တက်ကြွစေမည့်
ကစားနည်းများကိုပါ စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း၊ သို့မှသာ ကလေးများက စာကြည့်တိုက်တွင်ပျော်ပြီး
စာကြည့်တိုက်သို့ လာရောက်ကြမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိဒေသက ထွက်ရှိသည့်ပစ္စည်းများ၊
စာပေယဉ်ကျေးမှု အမွေအနှစ်လက်ရာ ပစ္စည်းများကိုစုဆောင်း၍ ပြတိုက်ငယ်များသဖွယ်လည်း ခင်းကျင်းပြသဆောင်ရွက်
ပေးစေလိုကြောင်း၊ မိမိတို့ရုံးစာကြည့်တိုက်ကို အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍
လူမှုအခြေပြုဗဟိုဌာန (Community Centre)
များ ပေါ်ပေါက်လာအောင် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး
မှာကြားခဲ့သည်။
ခရိုင် ပြန်/ဆက် (ညောင်ဦး)
No comments:
Post a Comment