ရန်ကုန် ဇန်နဝါရီ ၂
ပြည်သူ့ဝန်ထမ်း
အကယ်ဒမီဖွင့်ပွဲ အခမ်းအနားနှင့် ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်း
အမှတ်စဉ် (၁) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊
လှည်းကူး မြို့နယ်၊ ဖောင်ကြီးကျေးရွာရှိ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) ၌
ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် တက်ရောက်သည်။
အခမ်းအနားတွင်
ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ပြည်ထောင်စု
ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊
ပြည်ထောင်စု ရာထူးဝန် အဖွဲ့၊ အဖွဲ့ဝင် ဒေါက်တာ ဦးပွားနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)
ပါမောက္ခချုပ် ဦးညီညီစံတို့က ပြည်သူ့ဝန်ထမ်း အကယ်ဒမီကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြည်သူ့ဝန်ထမ်း အကယ်ဒမီ ကမ္ပည်း မော်ကွန်းကို စက်ခလုတ်နှိပ်
ဖွင့်လှစ်သည်။
ဆက်လက်၍
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ
ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများက
ပြည်သူ့ဝန်ထမ်း အကယ်ဒမီ ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည် ပက်ဖျန်းကြသည်။
ယင်းနောက်
မန္တလေးတိုင်းဒေသကြီး၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ကျင်းပသည့် ပြည်သူ့ ဝန်ထမ်း
အကယ်ဒမီဖွင့်ပွဲ အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့
ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းတို့ ပြောကြားသည့် မိန့်ခွန်းကို ရတနာသိင်္ဃခန်းမ၌ ဗွီဒီယို ဖြင့်ပြသသည်။
ထို့နောက်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများအား ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင်
ပြည်သူ့ဝန်ထမ်း အကယ်ဒမီဖွင့်လှစ် တည်ထောင်ခြင်းမှတ်တမ်း ဗွီဒီယိုကို ပြသသည်။
ယင်းနောက်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊
အမျိုးသား ပညာရေးမူဝါဒ ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ မျိုးမြင့်၊ EU Delegation မှ
Programme Manager Mr. Patrick Mcclay တို့အား ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား
အဖွဲ့ဝင် ဦးဝင်းမော်နှင့် တာဝန်ရှိသူများက ပြည်သူ့ဝန်ထမ်း အကယ်ဒမီ ဖွင့်လှစ်ခြင်း အထိမ်းအမှတ်
လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများသည် ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)
ဝင်းအတွင်းရှိ သင်တန်းသား၊ သင်တန်းသူများ စာသင်ဆောင်၊ အိပ်ဆောင်နှင့် စားရိပ်သာ တို့အား
လှည့်လည်ကြည့်ရှုသည်။
ပြည်သူ့ဝန်ထမ်း
စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်း အမှတ်စဉ်(၁)ကို ဇန်နဝါရီ (၂)ရက်နေ့မှ မေ(၄)
ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းသို့ သင်တန်းသူ၊ သင်တန်းသား (၆၁)ဦး
တက်ရောက်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment