Thursday, January 26, 2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ဗြိတိန်နိုင်ငံ အောက်လွှတ်တော်၏ မေးခွန်း အမေးအဖြေကဏ္ဍ ကြည့်ရှုလေ့လာ


နေပြည်တော် ဇန်နဝါရီ ၂၆

ဗြိတိန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဇန်နဝါရီ ၂၅ ရက်နေ့ ဒေသစံတော်ချိန် နံနက် (၉)နာရီတွင် လန်ဒန်မြို့ရှိ Park Plaza Westminster Bridge Hotel ၌ ဗြိတိန်နိုင်ငံ One Brick Court မှ Sir Edward Garnier, QC Barrister, MP နှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ဥပဒေရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် (၁၁)နာရီခွဲတွင် ဗြိတိန်နိုင်ငံ အောက်လွှတ်တော် အစည်းအဝေး ခန်းမအတွင်း ဗြိတိန်နိုင်ငံ အောက်လွှတ်တော်၏ မေးခွန်း အမေးအဖြေ ကဏ္ဍတွင် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ မေးခွန်းများ ဖြေကြားနေမှုအား တက်ရောက်ကြည့်ရှု လေ့လာသည်။
ထိုသို့လေ့လာစဉ် ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌက မိမိနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များက ကြိုဆိုကြောင်း ကြေညာသည်။ ဆက်လက်၍ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် H.E. Mrs. Theresa May ကလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား အသိအမှတ်ပြု ကြိုဆိုကြောင်း ပြောကြားသည်။
အဆိုပါ တွေ့ဆုံမှုနှင့် လေ့လာမှုများတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အတူ ပြည်သူ့ လွှတ်တော်၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစော၊ ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဦးဇော်ဝင်း၊ လွှတ်တော်အခွင့်အရေး ကော်မတီ အဖွဲ့ဝင် ဦးစိုင်းစံသိန်း၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ အဖွဲ့ဝင် ဒေါက်တာ ဒေါ်ရွှေပုံ နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 (သတင်းစဉ်)

No comments:

Post a Comment