နေပြည်တော်
ဇန်နဝါရီ ၂၆
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ဇန်နဝါရီ(၂၄)ရက်
နံနက်ပိုင်း က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ မုန်တိုင် ရေလှောင် တမံသို့ရောက်ရှိပြီး
ဆည်ရေသိုလှောင် ထိန်းသိမ်းထားရှိမှု၊ ဒေသစိုက်ပျိုးရေနှင့် သောက်သုံးရေ ဖြန့်ဝေပေးမှု၊
မိတ္ထီလာကန်သို့ ရေကူပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိ သူများက ရှင်းလင်းတင်ပြကြသည်။
ထိုမှတဆင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ ကြက်မောက် တောင်ရေလှောင်တမံ
သို့ ရောက်ရှိကြပြီး နှစ်စဉ်မိုးရွာသွန်းမှုနှင့် ရေစုဆောင်း သိုလှောင်နိုင်မှု၊ စိုက်ပျိုးရေနှင့်သောက်သုံးရေ
ပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
မုန်တိုင်ရေလှောင်တမံ
နှင့် ကြက်မောက်တောင်ရေလှောင်တမံ များအား ကြည့်ရှု စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ရာသီဥတု ဖောက်ပြန်ပြောင်းလဲ လာခြင်းနှင့် ပုံမှန်မဟုတ်သောမိုးရွာသွန်း
မှုများကြောင့် အချို့ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသကဲ့သို့ မိုးရေချိန်အလွန်အမင်း
ကျဆင်းလာသောဒေသများတွင် စိုက်ပျိုးရေနှင့် သောက်သုံးရေ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့
နေကြရလျက်ရှိရာ ဆည်တမံများအတွင်း သိုလှောင်ရရှိလာသော ရေများကို စနစ်တကျ အကျိုးရှိစွာ
သုံးစွဲနိုင်ရေးအတွက် ရေဖြန့်ဝေပေးမှု အပိုင်း တာဝန်ယူထားသည့် ဆည်မြောင်းနှင့် ရေအသုံးချမှု
စီမံခန့်ခွဲရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးဦးစီး ဌာနတို့မှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ
အနီးကပ် ပူးပေါင်းညှိနှိုင်းပြီး တောင်သူများ အကျိုးအမြတ် ပိုမိုရရှိမည့် ရေအနည်းလို
သီးနှံများရွေးချယ် စိုက်ပျိုးနိုင်ရေးကို သီးနှံပုံစံများ ချမှတ် ပညာပေး ဆောင်ရွက်ကြရန်
လိုအပ်ချက်များအား အသေးစိတ် ဆွေးနွေးမှာကြားသည်။
နေ့လည်ပိုင်းတွင် ညောင်ဦးမြို့နယ် အပူပိုင်းဒေသ သီးနှံ ဗဟိုသုတေသန
ခြံသို့ ရောက်ရှိကြပြီး စိုက်ပျိုးရေး သုတေသန ဦးစီးဌာနနှင့် ဂျပန်နိုင်ငံအပြည်ပြည်
ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော အပူပိုင်းဇုံ
ဒေသအတွင်း ရေချွေတာ သုံးစွဲသည့် စိုက်ပျိုးရေး နည်းပညာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းလုပ်ငန်း
ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး အားပေးသည်။
ထို့နောက် ညောင်ဦးခရိုင်အတွင်းရှိ လောကနန္ဒာ မြစ်ရေတင်စီမံကိန်း
နှင့် လက်ပံခြေပေါ် မြစ်ရေတင် စီမံကိန်း လုပ်ငန်းခွင်များအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment