ရန်ကုန် ဇန်န၀ါရီ၂၆
အိန္ဒိယသမ္မတ နိုင်ငံ၏ (၆၈)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲက
ရန်ကုန်မြို့ သံတမန်လမ်းရှိ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး နေအိမ်၌
ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေးတို့
တက်ရောက် ချီးမြှင့်သည်။
အခမ်းအနားသို့ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊
ပဲခူးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်
ဦးဖြိုးမင်းသိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်နှင့်ဇနီး၊
ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုး ဇော်သိန်းနှင့်ဇနီး၊
တိုင်းဒေသကြီး ၀န်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများ၊ စစ်သံမှူးများနှင့် သံရုံးတာဝန်ရှိသူများ၊ ကုလသမဂ္ဂ
လက်အောက်ခံ အဖွဲ့ အစည်းများမှ ဌာနေ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ
အိန္ဒိယသမ္မတ နိုင်ငံ သံအမတ်ကြီး H.E. Mr. VikramMisri တို့သည် စင်မြင့်ထက်၌ နေရာယူကြပြီး အိန္ဒိယ-မြန်မာနှစ်နိုင်ငံ နိုင်ငံတော် သီချင်းများနှင့် အလေးပြုကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံ အမတ်ကြီးက နှုတ်ခွန်းဆက်
စကား ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံနှင့်
အိန္ဒိယနိုင်ငံ တို့သည် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ (၄)ရက်မှစပြီး နှစ်နိုင်ငံ အကြားတွင် ချစ်ခင်ရင်းနှီးသည့် ဆက်ဆံရေး ထားရှိခဲ့သည်ကို
မှတ်သားမိပါ ကြောင်း၊ နှစ်နိုင်ငံအကြား တူညီသည့် ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ တို့သည်
မိမိတို့ နှစ်နိုင်ငံကို အတူတကွ စုစည်းစေခဲ့သည်ဆိုသည်ကို အထူးပြောရန် မလိုပါကြောင်း၊
ထို့အပြင် မိမိတို့နှစ်နိုင်ငံသည် ဒေသနှင့် ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်
သာယာ ၀ပြောရေးတို့နှင့် စပ်လျဉ်းပြီးတူညီသော ပြင်းပြသော ဆန္ဒသဘောထားများ ရှိကြသည့် နိုင်ငံများလည်း
ဖြစ်ကြပါကြောင်း။
မိမိအနေဖြင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့၏ မကြာသေးမီက အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့သည့်
ခရီးစဉ်များကို ၀မ်းမြောက်စွာဖြင့် ပြန်ပြောင်းပြောကြားလိုပါကြောင်း၊ အဆိုပါ အဆင့်မြင့်ခရီးစဉ်များသည်
နှစ်နိုင်ငံချစ်ခင်ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းမည်ဆိုသည့် ကတိက၀တ်ပြုမှုကိုထင်ဟပ်ပြ
နေရုံသာမက နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှု ကဏ္ဍ အသစ်တစ်ရပ် ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်ပါကြောင်း၊
နှစ်ပေါင်းများစွာကြာအောင် မိမိတို့နှစ်နိုင်ငံသည် တူညီသည့် တန်ဖိုးထားမှုနှင့် အတွေ့
အကြုံများ အပေါ် အခြေပြုပြီး ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ ကဏ္ဍများတွင် ကောင်းမွန်သည့်
ဆက်ဆံရေးနှင့် ရင်းနှီးစွာ ဆောင်ရွက်ခဲ့ကြပါကြောင်း။
ယနေ့အချိန်၌ မိမိတို့သည် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ပညာရေး၊
သိပ္ပံနှင့်နည်းပညာ၊ စိုက်ပျိုးရေး၊ လူမှုရေးဖွံ့ဖြိုး တိုးတက်မှုနှင့် ယဉ်ကျေးမှုစသည့်
ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို မျှော်လင့်လျက်ရှိပါကြောင်း။
မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံထူထောင်ရေး ကြိုးပမ်းမှုများတွင်
ကူညီပံ့ပိုးမှု အမျိုးမျိုးနှင့် ပူးပေါင်း ဆောင်ရွက်မှုပြုသည့် အိန္ဒိယအစိုးရ အဆက်ဆက်၏
ထောက်ခံမှုနှင့် နားလည်မှုကို တန်ဖိုးထား ပါကြောင်း။
အိန္ဒိယနိုင်ငံ ဆတက်ထမ်းပိုး တိုးတက် သာယာဝပြောစေရန်နှင့် ပိုမိုရင်းနှီးလေး
နက်သည့် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် သံအမတ်ကြီးတို့သည် တက်ရောက်လာကြ သူများနှင့်အတူ
စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ဒုတိယ သမ္မတနှင့်ဇနီးနှင့် တက်ရောက်လာကြသူများအား အိန္ဒိယ
သမ္မတနိုင်ငံသံ အမတ်ကြီးနှင့် ဇနီးတို့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
(သတင်းစဉ်)

No comments:
Post a Comment