Friday, January 27, 2017

မိုင်းဆတ်၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများ ကျင်းပ


မိုင်းဆတ် ဇန်န၀ါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုပြီး စာပေသိပညာဗဟုသုတများ ရရှိစေရန်၊ စာဖတ်သည့်အလေ့အထများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်ရေးပြိုင်ပွဲများကို ဇန်န၀ါရီ ၂၆ ရက် နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းဇော်ဦးက စာဖတ် ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆို၊ ပုံပြော၊ ကျပန်းစကားပြော၊ စာစီစာကုံးနှင့် ပန်းချီဆွဲပြိုင်ပွဲများ ကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး KG တန်းနှင့် မူလတန်းအဆင့် ကဗျာရွတ်ဆိုနှင့်ပုံပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ဇန်န၀ါရီ ၂၅ ရက်က ကျင်းပခဲ့သည့် မူလတန်း၊ အလယ်တန်း နှင့်အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဆု ရရှိသူများကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်သီတာမြင့်နှင့် အဖွဲ့ ၀င်တို့က လည်းကောင်း၊ မူလတန်းနှင့်အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲဆုရရှိသူများကို အလက(ကာန)ကျောင်းအုပ် ဆရာကြီး ဦးကျော်ကျော်နိုင်နှင့် အထကကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုဝင်းတို့က လည်းကောင်း ဆုများပေးအပ် ချီးမှင့်ပြီး၊ KG တန်း ကဗျာရွတ်ဆိုနှင့်ပုံပြောပြိုင်ပွဲဆုရရှိသူများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်စုစုလွင်က လည်းကောင်း၊ မူလတန်းအဆင့် ပုံပြောနှင့်ကဗျာရွတ်ပြိုင်ပွဲဆုရရှိသူများကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင် ဒေါ်တင်တင်မာနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဒုတိယဦးစီးမှူး ဒေါ်နန်းကြည်အေး က လည်းကောင်း၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲဆုရရှိသူများကို ခရိုင်ဦးစီးအရာရှိ ဦးသန်းဇော်ဦးက လည်းကောင်း အသီးသီးဂုဏ်ပြုဆုများ ပေးအပ်ချီးးမှင့်သည်။ ယင်းနောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်သီတာမြင့်က “အသိပညာတိုးပွားဖို့ စာပေလေ့လာဖတ်ရှုစို့” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးပြိုင်ပွဲသို့ မြို့ပေါ်ကျောင်း(၁၀)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၉၈)ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူ(၃၂)ဦးရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment