ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏
ကျေးလက်လမ်းများဖွံ့ဖြိုးရေးမဟာဗျူဟာမူကြမ်း အကြံဥာဏ် ရယူခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကိုဇန်နဝါရီ
၂၆ ရက်နေ့ နနက် (၉) နာရီကဘားအံမြို့ သီရိဘားအံဟိုတယ်တွင် ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ
ဦးစောချစ်ခင်က အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)
ညွှန်ကြားရေးမှူး ဒေါ်တင်မိုးမြင့်မှ မိတ်ဆက်စကားပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊
ညွှန်ကြားရေးမှူး ဦးနေဦးမှ ကျေးလက်လမ်းများ ဖွံ့ဖြိုးရေး မဟာဗျူဟာမူကြမ်းအားရှင်းလင်းတင်ပြရာတွင်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး၏
(၈၀%) နှင့်ကျေးလက်လူဦးရေ၏ (၉၀%)တို့သည် ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများကိုအသုံးပြုနိုင်ရန်
ရည်ရွယ်၍ မဟာဗျူဟာကို ရေးဆွဲခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၂၀ခုနှစ်တွင် လူဦးရေ (၁၀၀၀)နှင့်အထက်ရှိသောကျေးရွာများအားလုံး၌
ရာသီမရွေးဆက်သွယ်သွားလာနိုင်သောလမ်းများဖြစ်ပေါ်ရေး၊ ၂၀၂၅ ခုနှစ်တွင် လူဦးရေ (၅၀၀)နှင့်
အထက်ရှိကျေးရွာ(၉၅%)၊ ၂၀၃၀ ခုနှစ်တွင် လူဦးရေ (၂၅၀)နှင့်အထက်ရှိကျေးရွာ(၇၅%)နှင့်
လူဦးရေ(၂၅၀)အောက် ကျေးရွာ(၅၀%)တို့တွင် ရာသီမရွေးဆက်သွယ်သွားလာနိုင်သော
လမ်းများဖြစ်ပေါ်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မဟာဗျူဟာရည်မှန်းချက်များ ပြည့်မီစေရန်အတွက်
အဓိကလမ်းမကြီးများ အဆင့်မြင့်တင်ဖောက်လုပ်ခြင်း (Core Rural Road Network, CRRN) နည်းလမ်းဖြင့်
ဆောင်ရွက်သွားမည်ဖြစ်ပြီး ထို့သို့ဆောင်ရွက်နိုင်ရန် အတွက်လည်းလူဦးရေ၊ နယ်မြေအခြေအနေနှင့်
ဆက်သွယ်သွားလာနိုင်မှုအနေအထားအပေါ်မူတည်၍ လမ်းအဆင့် အတန်း(၃)မျိုးသတ်မှတ်ပြီးဦးစားပေးအလိုက်
ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းထို့ပြင် သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအတွက်လည်း
ရာသီဥတုဒဏ်နှင့် သဘာဝဘေးဒဏ်ခံနိုင်သည့် ဒီဇိုင်းများကို ထည့်သွင်းရေးဆွဲ ထားရှိပါကြောင်း
ဆွေးနွေးပြောကြားသည်။
ထို့နောက်တက်ရောက်လာသောပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊
ဌာနဆိုင်ရာများမှ သိရှိလိုသည်များ မေးမြန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊
သစ်တော၊ သတ္တုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ်စားလှယ်များ၊
ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊
အရပ်ဖက်အုပ်ချုပ်ရေးမှူးများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


No comments:
Post a Comment