Wednesday, January 11, 2017

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


ရန်ကုန် ဇန်န၀ါရီ ၁၁
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာ မြင့်ထွေးနှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီက ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားရာတွင် အားကစားပြိုင်ပွဲများမှာ အနိုင်ရရန် လိုအပ်သကဲ့သို့ လူတစ်စုအားကစားမှ လူထုအားကစား ဖြစ်လာနိုင်စေရေးအတွက်  ပြည်သူ များအားလုံး အားကစား လုပ်ဆောင်ခြင်း၏ အကျိုး ကျေးဇူးကို သိရှိစိတ်ဝင်စားပြီး လုပ်ဆောင်လာရန် က အရေးကြီးပါကြောင်း၊ ပြည်သူများ ဘက်ကလည်း အားကစားအောင်မြင်မှုသတင်းများကို ကြားသိမြင်တွေ့ရမှ ပိုမိုစိတ်ဝင်စား လာပြီး လုပ်ဆောင်လာမှာ ဖြစ်တဲ့အတွက် အောင်မြင်မှုရအောင် လဲလုပ်ဆောင်ရမှာ ဖြစ်ပါကြောင်း၊ အားကစား လုပ်ဆောင်ခြင်းကြောင့် ပြည်သူတစ်ရပ်လုံး ကျန်းမာ လာလျင်ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် ရောဂါဖြစ်ပွားမှုများကို ကာကွယ် နိုင်မှာဖြစ်ပြီး ဆေးကုသမှု ကင်းဝေးပြီး ဆေးရုံ၊ ဆေးခန်း များမှာလည်း နိုင်နင်းသောဆေးကုသမှုကို လုပ်ဆောင် နိုင်၍ နိုင်ငံတော် ဘတ်ဂျက်မှာလည်း အသုံးစရိတ် လျော့ချ နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင်ပြည်သူလူထု တစ်ရပ်လုံး၏ ကျန်းမာရေးအဆင့်အတန်းမှာ မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ၂၀၁၆ခုနှစ်၊ အောက်တိုဘာ(၅)ရက်နေ့ ကတည်းက ပေးပို့ထားသော မြန်မာနိုင်ငံ အမျိုးသား အားကစားဥပဒေ မူကြမ်းကိုလည်း အတည်ပြုပြဌာန်း နိုင်ရေးကို ဆက်လက် ဆောင်ရွက်သွား ရမှာဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတွင် အားကစားနှင့် ကာယပညာသိပ္ပံ (၄)ကျောင်းအပြင် ၂၀၁၇- ၂၀၁၈ပညာသင်နှစ်၌ မုံရွာမြို့နှင့် လွိုင်ကော်မြို့ များတွင် အရာထမ်း (၁၃)ဦး၊ အမှုထမ်း(၈၇)ဦးတို့ဖြင့် စတင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ၎င်းအားကစားနှင့်ကာယပညာသိပ္ပံကျောင်းများသည် နိုင်ငံတော်ကအားထား ရသော မျိုးဆက်သစ် လက်ရွေး စင်များ ထွက်ပေါ်ဖို့အတွက် တကယ်ဘဲ လိုအပ်မှုရှိ/ မရှိနှင့်  အကျိုးရှိအောင် ဘယ်လို လုပ်ဆောင်မည် ဆိုတာကို သုံးသပ်ဖို့လိုအပ် ပါကြောင်း၊ B.sc (Sport) ဖွင့်လှစ်နိုင်ခြင်း ကိုလည်း အားရကျေနပ်မိပါကြောင်း၊ ၎င်းတက္ကသိုလ်ဆင်းကလေးများကို ဘယ်လိုနေရာမျိုးတွေမှာ အသုံးချမည်ကို စဉ်းစားရန်လိုအပ်ပါကြောင်း။
မြို့နယ်အားကစား မှူးများကလည်း ကျောင်းများနှင့်ဆက်စပ်၍ စည်းရုံးဆောင်ရွက်နိုင်ဖို့ လိုအပ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိ မြို့နယ် အားကစားမှူးများကို (၆)လလျှင်တစ်ကြိမ် အလုပ်ရုံဆွေးနွေး ပွဲများပြုလုပ်ပြီး ၎င်းတို့၏ ဆောင် ရွက်ချက်များအပေါ် တစ်ဦးနှင့်တစ်ဦးဆွေးနွေးခြင်း၊ အတွေ့အကြုံ ဖလှယ်ခြင်းများ ပြုလုပ်ရန် အရေးကြီးပါကြောင်း၊ အားကစားကွင်း အားကစားရုံမရှိသော ကျောင်းများ တွင်လည်း အားကစား အထောက်အကူပြု ပစ္စည်းမပါသော လေ့ကျင့်ခန်းများ၊ ကလေးသူငယ်ကစားနည်းများ လုပ်ဆောင် ပေးနိုင်အောင် စဉ်းစားဖို့လိုအပ်ပါကြောင်း၊
နိဂုံးချုပ်အနေဖြင့် အဖွဲ့ချုပ်အသီးသီးမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများ အနေဖြင့်လည်း ပြည်သူ တစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေး အတွက်လည်းကောင်း၊ အားကစား ဖြင့်နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊  ဆွေးနွေးလိုပါက အချိန်မရွေး တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်းနှင့် တင်ပြ ဆွေးနွေးလိုသည့် အဖွဲ့ချုပ်တစ်ခုစီကိုလည်း အချိန်ပေး၍ သီးခြားတွေ့ဆုံသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် (၄၈)ဖွဲ့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက အဖွဲ့ချုပ်အလိုက် လုပ်ဆောင်လိုသည့်ကိစ္စရပ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ပူးပေါင်းဆောင်ရွက်လို သည့်ကိစ္စရပ်များ၊ အားကစားကွင်း/အားကစားရုံ လိုအပ်မှု အခြေအနေများ၊ အားကစားသမား များအတွက် ဆောင်ရွက်ပေးလိုမှုများ၊ အားကစား အထောက် အကူပြု ပစ္စည်းများ အခွန်ကင်းလွတ်ခွင့် ရရှိရေး၊ အားကစားနည်း အလိုက် အောင်မြင်မှုရရှိရေးများနှင့် ကျောင်း များတွင် အားကစား လုပ်ဆောင်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ထိုနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးက အဖွဲ့ချုပ် အသီးသီး၏ ဆွေးနွေး တင်ပြမှု အပေါ်ပြန်လည်ရှင်းလင်း ဖြေကြားပြီးနောက် နိဂုံးချုပ် အမှာစကားပြောကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment