Wednesday, January 11, 2017

မြန်မာနိုင်ငံသဘာဝဘေး လျော့ပါးရေး လုပ်ငန်းစီမံချက် (၂၀၁၆)ရေးဆွဲရေး ဒုတိယအကြိမ် အစည်းအဝေးကျင်းပ


နေပြည်တော် ဇန်နဝါရီ ၁၁
ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက် ခြင်းဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်း ဖြစ်ပေါ် စေရေးနှင့် ဘေးဒဏ် ခံစားရသော ပြည်သူများအတွက်
ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိရေးမူဝါဒကို ချမှတ်လျက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ကသဘာဝဘေး လျော့ပါးရေး လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပါကြောင်းယမန်နေ့နံနက်တွင် နေပြည်တော်ရှိ Grand Amara Hotel  ၌ကျင်းပသော  “မြန်မာနိုင်ငံသဘာဝဘေး လျော့ပါးရေး လုပ်ငန်းစီမံချက်ရေးဆွဲရေး အထောက် အကူပြု လုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ၂၀၁၆ ခုနှစ် တွင်မိမိတို့ဝန်ကြီးဌာန အနေဖြင့် တွေ့ကြုံခဲ့ရသည့် ချင်းပြည်နယ်၊ မြေပြိုဆည်နှင့် ပတ်သက်၍ ကြိုတင်စီမံဆောင်ရွက်ခဲ့သည့် အတွေ့အကြုံကောင်းကို နမူနာယူသင့်ကြောင်း၊ မြေပြိုဆည်ကျိုးပေါက်ချိန်တွင် အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဖြစ်သည့်အတွက် ကြိုတင်ဆောင်ရွက်သည့် အနေဖြင့်နုန်းဖမ်း ဆည်တည်ဆောက် ပေးခြင်းနှင့် ဆည်ကျိုးပေါက်ခဲ့ပါကရှောင်တိမ်းရမည့် လမ်းကြောင်းကို သတ်မှတ်ပေးခြင်း၊ ပြည်သူလူထု အတွက်အရေးပေါ်ခိုလှုံ ရာနေရာများစီစဉ်ပေးခြင်း၊ မြေပြိုဆည်အနီးတွင် ရေပိုလွှဲများ ပြုလုပ်ပေးခြင်း၊ အရေးပေါ်ဆက်သွယ်ရေးစက် (SSB)များ ကြိုတင် တပ်ဆင်ပေးခြင်းနှင့် ပြည်သူလူထုအား အသိပညာပေး လုပ်ငန်းများ၊ ဇာတ်တိုက်လေ့ကျင့်မှုများကို ပါဆောင်ရွက်ပေးခြင်းဖြင့် မြေပြိုဆည်ကျိုးပေါက်ချိန်တွင် အတော်အတန်ကာကွယ်နိုင်သကဲ့သို့ ပြည်သူလူထု၏ ထိခိုက်ဆုံးရှုံး မှုများကိုလည်း လျှော့ချပေးနိုင်ခဲ့ပါကြောင်း၊ ယနေ့တွင် မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းစီမံချက် ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို မိမိတို့ဝန်ကြီးဌာန တစ်ခုတည်းသာမက ဘဲဝန်ကြီးဌာနပေါင်းစုံ ပူးပေါင်းပါဝင် ဆောင်ရွက်ကြမည် ဖြစ်၍ ဝမ်းမြောက ကျေးဇူးတင်ရှိပါကြောင်း၊ ယခုရေးဆွဲလျက်ရှိသည့် မြန်မာနိုင်ငံ သဘာဝဘေး လျော့ပါးရေး လုပ်ငန်း စီမံချက်တွင် ယခင်ဘေးအတွေ့အကြုံ၏ အားသာချက်၊ အားနည်း ချက်များကို နမူနာယူရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက်ရေးဆွဲ အကောင်အထည်ဖော်ရေး အတွက် နိုင်ငံတော်အဆင့်မှ ဦးဆောင်ဦးရွက်ပြု အကောင်အထည်ဖော် သကဲ့သို့ နိုင်ငံတကာနှင့်ပြည်တွင်း ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် လည်းပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ယခုအခါ သဘာဝဘေးပုံမှန်ဖြစ် ပွားနေသည့် နိုင်ငံဖြစ်သည့်အတွက် မျှော်မှန်းနိုင်သည့် ဘေးများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရ မည့်စီမံချက်များကို ထည့်သွင်းရေးဆွဲရမည် ဖြစ်ပါကြောင်း၊ ယခုရေးဆွဲသည့် လုပ်ငန်း စီမံချက်မှာမြန်မာ နိုင်ငံသဘာဝဘေး လျော့ပါးရေး လုပ်ငန်းများအတွက် အဓိကလမ်းပြမြေပုံ ဖြစ်လာရန် မျှော်လင့်ပါကြောင်း ဖြင့် ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ သက်ဆိုင်ရာ အစိုးရဌာနများ၊ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် UNDPနှင့် မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းစီမံချက်ရေးဆွဲရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့ဝင်များမှ ကိုယ်စားလှယ်(၆၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး၊ မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းစီမံချက် (၂၀၁၆) အသစ်ရေးဆွဲရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
(သတင်းစဉ်)

No comments:

Post a Comment