Sunday, January 1, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် လူငယ်များ စကားဝိုင်း (ငြိမ်းချမ်းရေး စကားဝိုင်း)တွင် ပြောကြားခဲ့သော မိန့်ခွန်း



ကျွန်မတို့ ပြည်ထောင်စု မြန်မာနိုင်ငံကို မှီတင်း နေထိုင်သူများ အားလုံးနှင့် ကမ္ဘာသူ ကမ္ဘာသား အားလုံး အခု ၂၀၁၇ ခုနှစ်မှာ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊ ကောင်းကျိုး လိုရာဆန္ဒ အ၀၀နှင့် ပြည့်စုံကြပါစေလို့ ဆုတောင်း မေတ္တာ ပို့လိုက်ပါတယ်ရှင်။

ကျွန်မတို့ရဲ့ သန်း ၅၀ ကျော် နိုင်ငံသူ၊ နိုင်ငံသားများ ကြားထဲမှာ ဆိုလို့ရှိရင် မြောက်များစွာသော ဆန္ဒများရှိမှာ ဖြစ်ပါတယ်။ ဒီဆန္ဒတွေထဲက ဘယ်ဆန္ဒတွေဟာ အဓိက အကျဆုံးလဲ၊ ဘယ်ဟာတွေကို ဦးစားပေးပြီးတော့ အကောင် အထည်ဖော်ရမလဲ ဆိုတာဟာ ပြည်သူလုထုက နေပြီးတော့ ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရတစ်ခု အတွက် အကြီးဆုံး တာဝန်တစ်ခုလည်း ဖြစ်ပါတယ်။ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ ဘယ် ဆန္ဒတွေကို ဦးစားပေးရမလဲဆိုတာ ရွေးချယ်ဖို့ကလည်းအရေးကြီးတယ်။ ဒီဆန္ဒတွေကို ဘယ်လိုပုံစံနဲ့ ဖြည့်ဆည်းပေးရမယ် ဆိုတာကို ဆုံးဖြတ်ဖို့ကလည်း အင်မတန်မှ အရေး ကြီးပါတယ်။ တစ်ချို့က နည်းလမ်းက အရေးမကြီးဘူး၊ ကိုယ်လိုရာရလို့ ရှိရင်ပြီးရောလို့ ထင်ကြပါတယ်။ ကိုယ်လိုရာပန်းတိုင် ရောက်လို့ရှိရင်ပြီးရော ဘယ်လိုလမ်းကသွားရ သွားရဆိုပြီးတော့ ယူဆတဲ့ ပုဂ္ဂိုလ်များလဲရှိပါတယ်။ ကျွန်မတို့အမြင်မှာတော့ လမ်းကမှားလို့ ရှိရင် ပန်းတိုင်ရောက်တဲ့အခါမှာ ကိုယ်ထင်သလိုမဟုတ်တာဖြစ်တတ်ပါတယ်။ လမ်းမှန် ကသွားမှသာလျှင် ကျွန်မတို့ လိုချင်တဲ့ပန်းတိုင်ကို မှန်မှန်ကန်ကန် တည့်တည့်မတ်မတ် မဟုတ်ရင်တောင်မှ မှန်မှန်ကန်ကန်နဲ့ ရောက်နိုင်မှာဖြစ်ပါတယ်။
ဒီတော့ကျွန်မတို့ အခု ၂၀၁၇ ခုနှစ်ကနေ စစဉ်းစားရမှာက ကျွန်မတို့နိုင်ငံ အတွက် ဘာတွေပထမဦးဆုံး ဦးစားပေးပြီးတော့ လုပ်ရမလဲဆိုတဲ့ ကိစ္စပါပဲ။ အရင်နှစ် တုန်းက ပြည်သူလူထုအများစုရဲ့ ရွေးချယ်တင်မြှောက်မှုနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ စထူထောင်ကတည်းက ကျွန်မတို့အနေနဲ့ တင်ပြထားတဲ့ကိစ္စတွေရှိပါ တယ်။ ဘာတွေကို ကျွန်မတို့ ဦးစားပေးပြီး ဆောင်ရွက်မလဲ ဆိုတာကို ကျွန်မတို့တင်ပြ ထားပါတယ်။ အဲဒီထဲမှာ အရေးကြီးဆုံးတစ်ခုကတော့ ပြည်တွင်း ငြိမ်းချမ်းရေးပါပဲ။ ပြည် တွင်းငြိမ်းချမ်းရေးနဲ့ ပြည်သူလူထုတွေရဲ့ ဘ၀တိုးတက်ရေးဟာ ကျွန်မတို့ဦးစားပေးထားတဲ့ ကိစ္စနှစ်ခုဖြစ်ပါတယ်။  ဒီနှစ်ခုကလည်း ဆက်နွယ်မှုရှိနေပါတယ်။ ကျွန်မတို့ရဲ့နိုင်ငံဟာ အေးချမ်းမှ ကျွန်မတို့နိုင်ငံသူနိုင်ငံသားတွေရဲ့ ဘ၀တွေဟာ တိုးတက်နိုင်မှာဖြစ်ပါတယ်။ ဘ၀တွေတိုးတက်မှလည်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒီနှစ်ခုကို အရေးကြီးဆုံး ကျွန်မတို့ရဲ့ ရည်ရွယ်ချက်အနေနဲ့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အခုဆိုလို့ရှိရင် ပထမနှစ်ဦးပိုင်းကနေစပြီးတော့ ကျွန်မတို့ အစိုးရအဖွဲ့တစ်နှစ် ပြည့်မယ့်အချိန်ထိ ဒီကြားထဲမှာ ၀န်ကြီးဌာန၊ အစိုးရဌာန အသီးသီးက နေပြီးတော့ တစ်နှစ်အတွင်း ဆောင်ရွက်ချက်တွေ၊ တစ်နှစ်အတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုနည်းနဲ့ ကျော်လွှားမလဲဆိုတဲ့ ကျွန်မတို့ရဲ့ ခန့်မှန်းထားတဲ့ အစီအစဉ်တွေကို နိုင်ငံကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီလို ကျွန်မတို့ရဲ့ရည်မှန်းချက်တွေထဲမှာ ဦးစားပေးပြီးတော့ ကျွန်မအနေနဲ့ ကိုယ်တိုင် တာဝန်ယူထားတဲ့ ကိစ္စတစ်ခုကတော့ ပြည်တွင်း ငြိမ်းချမ်းရေးပါပဲ။ ကျွန်မတို့အစိုးရအဖွဲ့ ဖွဲ့ပြီးတော့ များမကြာမီ မေလမှာ စပြီးတော့ ဒုတိယ ပင်လုံညီလာခံ ငြိမ်းချမ်းရေး ညီလာခံကြီး ကျင်းပရေး အတွက် စပြီးတော့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဒုတိယပင်လုံ ညီလာခံကြီးကျင်းပဖို့အတွက်ဆိုတာဟာ ခြေလှမ်းအများကြီး လှမ်းဖို့လိုပါတယ်။ ခြေလှမ်းအများကြီး လှမ်းဖို့လိုတဲ့ အထဲမှာတော့ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး ကိစ္စပါပဲ။ အပစ်အခတ်ရပ်စဲပြီးမှ တကယ့်ငြိမ်းချမ်းရေးကို ကျွန်မတို့ ရနိုင်မှာ ဖြစ်ပါတယ်။ ပစ်ရင်းခတ်ရင်းနဲ့ ငြိမ်းချမ်းရေး ရတယ် ဆိုတာ မဖြစ်နိုင်ပါဘူး။ တကယ့် ငြိမ်းချမ်းရေးဆိုတာဟာ ဆွေးနွေးခြင်း စကားဝိုင်းမှာ ထိုင်ပြီးတော့ စားပွဲဝိုင်းမှာ ထိုင်ပြီးတော့မှ ဆွေးနွေးခြင်းနဲ့သာ ကျွန်မတို့ရနိုင်မှာဖြစ်ပါတယ်။ ဘယ်ကမ္ဘာ့သမိုင်းရဲ့ ဘယ် အဖွဲ့ကိုပဲကြည့်ကြည့် နောက်ဆုံးကျတော့ ဘယ်လောက်ပဲ စစ်ပွဲတွေ တိုက်ခဲ့ တိုက်ခဲ့ နိဂုံးချုပ်အဖြေကတော့ စကားပြောပြီးတော့ ရှာယူရတဲ့ကိစ္စပါပဲ။ စားပွဲဝိုင်းမှာ ထိုင်ပြီးတော့ ညှိနှိုင်းဆွေးနွေးပြီးတော့ အဖြေယူရတဲ့ကိစ္စပဲဖြစ်ပါတယ်။
ကျွန်မကနေပြီးတော့ ၂၀၁၇ ခုနှစ်ရဲ့ အစပိုင်းဖြစ်တဲ့ ဒီနေ့မှာဆိုလို့ရှိရင် ကျွန်မတို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ စကားတွေကို စချင်တယ်လို့ ကျမဆုံးဖြတ်တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ စကားတွေ ဆိုတာဟာ အခုငြိမ်းချမ်းရေး အတွက် လုပ်ကိုင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ကျွန်မတို့အစိုးရဖက်က အဖွဲ့များဆွေး နွေးတာတင် မဟုတ်ပါဘူး။ ကျွန်မတို့ ပြည်သူ ပြည်သားတွေနဲ့ ဆွေးနွေးခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံသူ နိုင်ငံသားတွေ အားလုံး ပါလာအောင်လို့ ကျွန်မတို့နိုင်ငံသူ နိုင်ငံသားတွေဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘယ်လို အမြင်တွေရှိလဲ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေကို ဘယ်လို ကိုင်တွယ်ဖို့များ ရည်ရွယ်ချက်တွေ ရှိသလဲဆိုတာ ကျွန်မတို့သိဖို့လိုပါတယ်။ အားလုံးလက်တွဲပြီးမှ လုပ်လို့ရှိရင် အောင်မြင်မည့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ ဒါကို ဆွေးနွေးဖို့ အတွက်ကျတော့ ဘယ်သူတွေနဲ့ စတင်ပြီး ဆွေးနွေးမလဲ ဆိုတာကို စဉ်းစားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ နိုင်ငံသူ/ နိုင်ငံသားတွေဟာ အများကြီးလည်း ဖြစ်တယ်။ အလွှာမျိုးုစုံလည်းဖြစ်တယ်။ တိုင်းရင်းသားလူမျိုး အမျိုးစုံလည်းဖြစ်တယ်။ အမြင်မျိုးစုံလည်း ဖြစ်တယ်။ ပြီးတော့ ဘယ်သူတွေ အတွက် ငြိမ်းချမ်းရေးက အရေးကြီးဆုံးလဲဆိုတော့ လူငယ်တွေအတွက် အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူငယ်တွေက အကြာကြီး ဒီနိုင်ငံရဲ့ တာဝန်တွေကို ဆက်ပြီးတော့ ထိန်းသိမ်းထားရမည့် အချိန်တွေကို ရှေးရှုသွားရမှာ ဖြစ်ပါတယ်။ လူကြီးတွေ ဆိုတာဟာတော့ အနိစ္စသဘောတရားအရ သိပ်မကြာခင်ကာလမှာတော့ တာဝန်တွေကို ချရတော့ မှာဖြစ်ပါတယ်။ ဆက်ပြီးတော့ တာဝန် ထမ်းဆောင်ရမည့် လူငယ်တွေရဲ့ အမြင်ဘယ်လို ရှိတယ် ဆိုတာဟာ ကျွန်မတို့အတွက် အလွန်အရေးကြီးပါတယ်။ အမှန်ပြောရရင်တော့ ကျွန်မက ဒါထက်ငယ်တဲ့ ကလေးတွေနဲ့ ကျွန်မက ဆွေးနွေးချင်တာပါ။ ပထမဦးဆုံး ကလေးတွေနဲ့ ဆိုတော့ သိပ်အဆင်မပြေဘူး ထင်တယ် ဆိုပြီးတော့ လူငယ်တွေနဲ့စပြီး တော့ နောင်တစ်ချိန် တစ်ခါမှာတော့ ကျွန်မကတော့ သတ်မှတ်ထားတဲ့ အရွယ်အောက် ကလေးတွေနဲ့ ဆွေးနွေးတာတွေလည်း လုပ်ချင်ပါတယ်။ စီးပွားရေးသမားတွေနဲ့ သပ်သပ် ဆွေးနွေးတာတွေလည်း လုပ်ချင်ပါတယ်။ ဒါမှ စီးပွားရေး သမားတွေရဲ့ နိုင်ငံရေး ငြိမ်းချမ်းရေး အပေါ်မှာ အမြင်ကိုလည်း ကျွန်မတို့သိနိုင်မယ်။
ဘယ်လို စီးပွားရေးသမားများဟာ ၀ိုင်းဝန်းပြီးတော့ ငြိမ်းချမ်းရေးအတွက် ကူညီ မစနိုင်မလဲ ဆိုတာကို ကျွန်မတို့ ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ဒီအပြင် ဥပမာဆိုရင် လူမှုအဖွဲ့အစည်း အသီးသီး တစ်ချို့ လူမှုအဖွဲ့အစည်းတွေနဲ့ အမျိုးသမီး ကိစ္စတွေပြန် လုပ်တဲ့ လူမှု အဖွဲ့အစည်းတွေနဲ့ ဆိုရင် အမျိုးသမီးတွေနဲ့ပတ်သက်လို့ ကျွန်မတို့ ပညာရေးကို အထူးအလေးထားတဲ့ အဖွဲ့အစည်းတွေနဲ့ ဆိုလို့ရှိရင် ပညာရေးဘက်က  ဘယ်လို ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ပံ့နိုင်မလဲ စသဖြင့် ဆွေးနွေးပွဲတွေလုပ်ဖို့က အစီအစဉ်တွေ ရှိပါတယ်။ ဒီလိုဆွေးနွေးပွဲတွေ လုပ်ခြင်းအား ဖြင့်လည်း ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသား အားလုံးဟာ  ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို သူတို့လည်းပိုင်တယ်ဆိုတဲ့ စိတ်ရှိမှာပေါ့။ ရှိလာအောင်လို့ပါ။ ပိုင်ဆိုင်မှုပေါ့။ အခုခေတ်မှာ ဆိုလို့ရှိရင် နိုင်ငံရေးအရ အင်မတန်မှ အရေးကြီးတဲ့ စကားလုံးတစ်ခု၊ အသုံးအနှုန်းတစ်ခုက Ownership ပိုင်ဆိုင်မှုပါ။ ကျွန်မ တို့ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာဟာ တစ်နိုင်ငံလုံးရဲ့ပိုင်ဆိုင်မှု ဖြစ်ရမယ်။ ကျွန်မတို့ အားလုံး ပိုင်ဆိုင်ဖို့ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ ပိုင်ဆိုင်တယ်ဆိုတာ ကိုယ်လုပ်ချင် တိုင်းလုပ်လို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။ ပိုင်ဆိုင်ဖို့ တာဝန်ယူရမယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ အကျိုးကိုလည်း ခံစားရမယ်၊ အကျိုးခံစားဖို့ အတွက်လည်း ကြိုးစားဖို့ တာဝန်ရှိတယ် ဆိုတဲ့ သဘောပါပဲ။
တကယ်တော့  အခုလို နှစ်တစ်နှစ်စပြီးတော့ ဖွင့်ပြီဆိုလို့ရှိရင် ကျွန်မတို့ အားလုံးဟာ အားသစ်တွေနဲ့ လုပ်ဖို့ ကျွန်မတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် အားပေးကြပါတယ်။ ဆုမွန်ကောင်းတွေ တောင်းပေးကြပါတယ်။ ဒါပေမယ့် ဆုတောင်းရတာလွယ် တယ်။ ဆုတောင်းတွေ ပြည့်အောင် လုပ်ဖို့ဆိုတာကတော့ မလွယ်ပါဘူး။ ဆုတောင်းရင် တကယ်ပဲပြည့်ဖို့ဆိုတာက ကိုယ်တောင်းတဲ့ဆုရဲ့ အကျိုးတွေဟာ ကောင်းရမယ်ဆိုတာ အရေးကြီးပါတယ်။ ကျွန်မ အနေနဲ့ ကောင်းကျိုး လိုရာဆန္ဒအ၀၀နဲ့ ပြည့်စုံပါစေလို့ ဆုပေးတာ ဖြစ်ပါတယ်။
တစ်ခါတစ်လေ ကိုယ်တောင်းတဲ့ဆုတွေက တကယ် ပြည့်တဲ့အခါကျတော့ ကိုယ်ထင်သလို မဟုတ်ပါဘူး။ လူတွေက ဆုတောင်းတယ်ဆိုတာ ကိုယ်လိုချင်တာ ရလို့ ရှိရင် ကိုယ်စိတ်ချမ်းသာမှာပဲ ဆိုတဲ့ အမြင်နဲ့ ဆုတောင်းကြပါတယ်။ တစ်ခါတစ်လေကျတော့ ဆုတောင်းလည်း ပြည့်သွားရော ကိုယ်ထင်သလိုမဟုတ်ဘဲနဲ့ ၀မ်းမသာရတဲ့အပြင် ၀မ်းနည်းရတဲ့အဖြစ် သောကဖြစ်ရတာတွေကိုလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများဟာ သေသေချာချာ စဉ်းစားရမှာပါ။ ကျွန်မတို့နိုင်ငံအတွက် ကျွန်မတို့ ဘာလိုချင်လဲ၊ ဘာလိုအပ်သလဲ၊ ကျွန်မတို့ ဘယ်လို နိုင်ငံကြီးမှာ နေချင်သလဲ။ ကျွန်မတို့ရဲ့ သားစဉ် မြေးဆက်ကို ဘယ်လိုနိုင်ငံမှာ နေစေချင်သလဲ ဆိုတာတွေကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ ရေရှည် အမြင်နဲ့ လုပ်မှသာလျှင် ကျွန်မတို့နိုင်ငံဟာ အောင်မြင်မှာပါ။ ရေတို ငါဒီနှစ်တော့ ဒါရမှဖြစ်မယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်လို့ကတော့ ကျွန်မတို့ နိုင်ငံရဲ့ ရှေ့ရေးအတွက် အကျိုးပြုမှာ မဟုတ်ပါဘူး။
ဒီနေ့ဆွေးနွေးပွဲဟာ လူငယ် ၁၈ ယောက်နဲ့ပဲ ဖြစ်ပါတယ်။ အွန်လိုင်းက မေးခွန်းအချို့ကိုလည်း လက်ခံမယ်လို့ စဉ်းစားထားပါတယ်။ အချိန်ရှိတာပေါ် မူတည်ပါတယ်။ ၁၈ ယောက် ဆိုတာကတော့ ကျွန်မတို့ တစ်နိုင်ငံလုံးမပြောနဲ့ လူငယ်စုအားလုံး ကိုတောင်မှ ပြည့်ပြည့်၀၀ ကိုယ်စားပြုတယ်လို့ မဆိုနိုင်ပါဘူး။ ဒါ အစပေါ့။ ပြောတဲ့ အထဲမှာလည်း တူညီတာတွေ အများကြီး ရှိပါတယ်။ ဒီလိုဆွေးနွေးပွဲတွေ လုပ်တာ ဆိုတာကလည်း လုပ်ဖြစ်ရတဲ့ အကြောင်းအရင်းတစ်ခုက ကျွန်မတို့နိုင်ငံမှာ တူညီတဲ့ကိစ္စတွေအများ ကြီးရှိတယ်ဆိုတာက ပေါ်လွင်စေချင်လို့ပါ။ ၁၈ ယောက် ပြောတဲ့ကိစ္စတွေဟာ ဒီလို လူငယ် ၁၈ ယောက်ရဲ့ အတွေးအခေါ်၊ စိုးရိမ်မှု၊ မျှော်လင့်မှု၊ ပူပန်မှု ဒါတွေဟာ လူငယ်အများကြီးရဲ့ စိတ်ထဲမှာရှိတဲ့ စိုးရိမ်ပူပန်မှုတွေ၊ မျှော်လင့်ချက်တွေနဲ့ ထပ်တူ ထပ်မျှဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အဲ့တော့ အချင်းချင်းကြားမှာ ပိုပြီးတော့ သွေးစည်းညီညွတ်တဲ့ အနေအထားကိုလည်း ဖြစ်သွားစေချင်ပါတယ်။
ဒီမနက်ဆိုလို့ရှိရင် ကျွန်မတို့အနေနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနကို ဖွင့်ဖြစ်ပါတယ်။ အဲ့တော့ ဒီလို ဖွင့်လိုက်တဲ့အခါမှာ ကျွန်မတို့နိုင်ငံ အတွက် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတာ ခွဲခြားလို့မရဘူး ဆိုတာကိုလည်း ကျွန်မတို့ ပြည်သူ ပြည်သားတွေကို သတိပေးခြင်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဆိုတာဟာ အပစ်အခတ် ရပ်စဲရေးနဲ့လည်း မပြီးပါဘူး။ ရေရှည်ငြိမ်းချမ်းရေး ဆိုတာဟာ ကျွန်မတို့အချင်းချင်းကြားမှာ သင့်မြတ်မှ ဖြစ်မှာဖြစ်ပါတယ်။ တချို့က ဆိုလို့ရှိရင် ရင်ကြားစေ့ရေးလို့ ပြောတယ်၊ တချို့ကတော့ သင့်မြတ်ရေးလို့ပြောတယ်။ ဘယ်လိုပဲပြောပြော အဓိကက ဘာလဲဆိုတော့ ကျွန်မတို့ ကြားထဲမှာ ပဋိပက္ခဖြစ်စေတဲ့ ကွဲပြားမှုတွေ၊ ကွာခြားမှုတွေကို စစ်ပေးဖို့ပါပဲ။ ဒီကွာခြားမှုတွေကို ပပျောက်သွားအောင် လုပ်ဖို့လိုပါတယ်။ အဲ့ဒီအဖြေကို ရှာတဲ့အခါမှာ အားလုံးက ၀ိုင်းဝန်းပြီးတော့ ပါကြမယ်လို့ မျှော်လင့်ပါတယ်။
ကျွန်မတို့အစိုးရဘက်မှ ပြည်သူလူထုကို မတည်နိုင်တဲ့ ကတိတွေ ဘယ်တုန်းကမှလဲ မပေးခဲ့ပါဘူး။ ပေးခဲ့တဲ့ကတိတွေကလည်း ရိုးရိုးသားသား ကတိလေးတွေပဲ။ အဲ့ဒါလည်း ကျွန်မတို့ တည်ခဲ့ပါတယ်။ ထပ်ပြီးတော့လည်း တည်အောင်လို့လုပ်သွား မှာပါ။ အရေးကြီးတာက တစ်ယောက်နဲ့ တစ်ယောက်အပေါ်မှာ ယုံကြည်မှုရှိဖို့ပဲ။ ယုံကြည်မှုမရှိဘဲ တိုးတက်မှုမရှိနိုင်ပါဘူး။ ကတိတွေကြီးကြီးမားမားပေးပြီးတော့ နောက်တစ်နေ့မှ ဖြတ်လိုက်လို့ရှိရင် ဘာမှ အကျိုးကောင်းမှု မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ဟာ မဖြစ်နိုင်တဲ့ကိစ္စတွေကို ပြည်သူကိုလည်း ကတိမပေးပါဘူး။ ပွင့်ပွင့်လင်းလင်း ဖြောင့်ဖြောင့်မတ်မတ်နဲ့ ဆက်ဆံပါမယ် ဆိုတာကို ပြောပြီးတော့ ဒီအစိုးရ တာဝန်ကို  ယူခဲ့တာဖြစ်ပါတယ်။ အခုထိလည်း ကျွန်မတို့ရဲ့ အစိုးရတာဝန်ထမ်း ဆောင်ခဲ့တဲ့ ၉ လ အတွင်းမှာ ပြည်သူကို ပျက်ပြားခဲ့တာမရှိပါဘူး။ ပြည်သူကိုပေးခဲ့တဲ့ ကတိလည်း ကျွန်မတို့ ပျက်ပြားခဲ့တာ မရှိပါဘူး။ ကျွန်မတို့ ဖြစ်စေချင်သလောက်  ၉ လ အတွင်းမှာ ဖြစ်ခဲ့သလားဆိုတော့ တစ်ချို့ အရာတွေကတော့ မျှော်မှန်းသလောက် မဖြစ်ပေမယ့် တစ်ချို့ကိစ္စတွေမှာတော့ မမျှော်မှန်းဘဲနဲ့လည်း တိုးတက်မှုတွေ ရှိလာပါတယ်။ ဒါကတော့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ တခြားနိုင်ငံက သံတမန်များ၊ တခြားဒီမိုကရေစီ အပြောင်းအလဲကို ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံက သံတမန်များနဲ့ ဆွေးနွေးတဲ့ အခါကျတော့ သူတို့အနေနဲ့ကတော့ ကျွန်မတို့ရဲ့တိုးတက်မှုတွေ အားရတယ်လို့ ဂုဏ်ပြုပါတယ်။ သူတို့ရဲ့ အတွေ့အကြုံ အရဆိုလို့ရှိရင် အပြောင်းအလဲတစ်ခုဟာ စပြီးတော့ တကယ် အရှိန်အဟုန်ရဖို့ ဆိုတာ နှစ်နဲ့ ချီပြီးတော့-- ကျွန်မတို့ရဲ့ ၉ လအတွင်း လုပ်ဆောင်ချက်တွေ ကို သူတို့ရဲ့ အမြင်မှာတော့ အားရတယ်လို့ ဆိုပါတယ်။ သူတို့ပြောတာတွေက ကျွန်မတို့ အတွက်လည်း အားတက်စရာပါပဲ။ ဒါပေမယ့် ကိုယ့်ကိုယ် ကိုယ့်တော့ ကျေနပ်နေလို့ မဖြစ်ဘူး။ အမြဲတမ်း ထပ်ပြီးတော့ သွားနေတယ်၊ ထပ်ပြီးတော့ လုပ်နိုင်တယ်၊ ထပ်ပြီးတော့ ကြိုးစားနိုင်တယ် ဆိုတဲ့စိတ်တွေ အပြည့်အ၀နဲ့ ဆက်ပြီးတော့ လုပ်သွားပါမယ်။ ကျွန်မတို့ဘာပဲ လုပ်လုပ် ကောင်းသော အစိုးရများရဲ့ အခြေခံဖြစ်တဲ့ ပွင့်လင်း မြင်သာမှုနဲ့ တာဝန်ယူမှု ဆိုတဲ့ မူ ၂ ခုကိုတော့ ဆက်လက် ပြီးတော့ ဆုပ်ကိုင် သွားပါမယ်လို့ ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်။

No comments:

Post a Comment