Monday, January 30, 2017

ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၁၇ ခုနှစ် နှစ်(၇၀) မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ တတိယ အကြိမ် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြား


နေပြည်တော် ဇန်န၀ါရီ ၃၀
၂၀၁၇ ခုနှစ် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ တတိယ အကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ၂၀၁၇ ခုနှစ် နှစ် (၇၀)မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ၂၀၁၇ ခုနှစ် နှစ် (၇၀)မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးကို ၂ ကြိမ် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါကြောင်း၊ ယင်းဆုံးဖြတ်ချက်များကို စီမံခန့်ခွဲမှု ကော်မတီက အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်း တော်တော် များများ ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် လုပ်ငန်း ဆောင်ရွက်မှု အားနည်းချက်များ၊ အခက်အခဲများကို အပြီးသတ် ညှိနှိုင်း ဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်း။
နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ကို ပြည်ထောင်စု စိတ်ဓာတ် နိုးကြား ရှင်သန်ရေး၊ အမျိုးသား စည်းလုံး ညီညွတ်မှု ခိုင်မာအောင် တည်ဆောက်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ပြည်သူများ၏ လူမှုစီးပွား ဘ၀များ တိုးတက် မြင့်မားရေး စသည့် အမျိုးသားရေး ဦးတည်ချက်များဖြင့် ကျင်းပသွားမည် ဖြစ်ပြီး ယင်းအချက်များကို အကောင်ထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များက လာရောက် ဖျော်ဖြေကြမည့် တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များ၏ နေထိုင် စားသောက်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် လေ့လာရေး ခရီးစဉ်များကို အဆင်ပြေ ချောမွေ့အောင် ညှိနှိုင်း ဆောင်ရွက် ပေးရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များ၊ ကိုယ်စား လှယ်တော်များ သက်ဆိုင်ရာ နေရာဒေသများသို့ ချောချော မောမော ရောက်ရှိအောင် လုံခြုံရေး တပ်ဖွဲ့ အချင်းချင်း ညှိနှိုင်း ချိတ်ဆက် ဆောင်ရွက်သွားရန် လိုပါကြောင်း။
နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် လုံခြုံရေး ကိစ္စရပ်များကို အပြည့်အ၀ ကြပ်ကြပ် မတ်မတ် ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ လုံခြုံရေး ဆောင်ရွက် ရာတွင်လည်း ယဉ်ကျေးစွာ တိတိကျကျ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်သွားရန် လိုပါကြောင်း၊ အခမ်းအနားသို့ တက်ရောက်သူများ အနေဖြင့်လည်း လုံခြုံရေး အသိဖြင့် ပူးပေါင်း ဆောင်ရွက် ပေးကြရန် လိုအပ်ပါကြောင်း။
ဧည့်ခံကျွေးမွေးရေး အပိုင်းတွင် အစားအသောက်များ အလေအလွင့် မဖြစ်စေရေး စနစ်တကျ တွက်ချက် ဆောင်ရွက်သွားရန် လိုပါကြောင်း၊ အသုံးစရိတ်များကို သုံးစွဲရာတွင် မကုန်သင့် မကုန်ထိုက်သည့် အသုံးစရိတ် မရှိအောင်၊ အလေ့အလွင့် မဖြစ်အောင် စေ့စေ့ စပ်စပ် စိစစ် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပူးပေါင်းကြိုးပမ်း လုပ်ဆောင် သွားကြရမည် ဖြစ်ပါကြောင်း နှင့် လုပ်ငန်း လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ တင်ပြကြရန် လိုပါကြောင်း ပြောကြားသည်။
ထို့နောက် နှစ် (၇၀)မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က ပြည်ထောင်စုနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေး အကြို ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက် သွားမည့် လုပ်ငန်းများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက် လာကြသည့် ဆပ်ကော်မတီများမှ ဥက္ကဋ္ဌ များနှင့် အဖွဲ့ဝင်များက လုံခြုံရေး၊ ကြိုဆိုရေး၊ သယ်ယူ ပို့ဆောင်ရေး၊ သ၀ဏ်လွှာ ပြုစုရေး၊ ဘဏ္ဍာရေး၊ ဖိတ်ကြားရေး၊ နေရာချထားရေး၊ ဧည့်ခံ ကျွေးမွေးရေး၊ အလံတင် အခမ်းအနား ကျင်းပရေး၊ မြေစိုက် ပိုစတာများ စိုက်ထူရေး၊ ညစာစားပွဲနှင့် ဖျော်ဖြေရေး၊ ပြန်ကြားရေးနှင့် စာရင်း စစ်ဆေးရေး စသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ အသီးသီး ရှင်းလင်း တင်ပြ ကြသည်။
တင်ပြချက်များနှင့် ပတ်သက်၍ ဒုတိယ သမ္မတက လုပ်ငန်း လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။ (သတင်းစဉ်)

No comments:

Post a Comment