Monday, January 30, 2017

ပြည်သူ့ အကျိုး ထိရောက်စွာ ဖြည့်ဆည်း ပေးနိုင်ရေး ဆွေးနွေး ဆောင်ရွက်


နေပြည်တော်၊ ဇန်နဝါရီ (၃၀)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ယနေ့နံနက် (၉)နာရီတွင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ သံအမတ်ကြီး H.E. Dr. Nikolay Listoadov မှ အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက် တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ- ရုရှား နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး ကိစ္စ အောက်တိုဘာလတွင် ရုရှားနိုင်ငံတွင် ကျင်းပမည့် ကျောင်းသား ပွဲတော်သို့ လူငယ်ရေးရာ ကိစ္စများ ဆောင်ရွက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် တကွ ကိုယ်စားလှယ်များ တက်ရောက်ရန် ကိစ္စရပ်များကို ဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့် လူမှုဝန်ထမ်း လုပ်ငန်းရပ်များ ဆိုင်ရာ ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ ပြည့်စုံပြီး လူ့ဂုဏ်သိက္ခာနှင့် ပြည့်စုံသည့် ရေရှည် တည်တံ့သည့် လူမှု အသိုက်အဝန်း တစ်ရပ်ဖြစ်ရန် လူမှု ကာကွယ် စောင့်ရှောက်ရေး နည်းလမ်းများဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဝန်ကြီးဌာနများ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ပြည်သူ့ အကျိုးကို ထိရောက်စွာ ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အရေးနှင့် စပ်လျဉ်း၍ မိမိအနေဖြင့် ဒေသတွင်း ပြန်လည် နေရာချထားရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိပြီး လူသားချင်း စာနာ ထောက်ထားမှု အကူအညီများကို ဖွံ့ဖြိုး တိုးတက်ရေးဆီသို့ ဦးတည် ဆောင်ရွက်လျက် ရှိရာ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင် ရွက် ပေးနိုင်ရေး ဆွေးနွေး ပြောကြားသည်။
အစည်းအဝေးတွင် မူးယစ်ဆေးဖြတ် ကုသခြင်းနှင့် ပြန်လည် ထူထောင်ရေး၊ ကိုယ်ဝန်ဆောင် မိခင်နှင့် အသက် (၂)နှစ်အောက် ကလေးများ ကို ငွေကြေး ထောက်ပံ့ရေး၊ ကျောင်းတွင်း အာဟာရ ကျွေးမွေးရေး၊ ကျောင်းပြင်ပ ပညာရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
မွန်းလွဲပိုင်းတွင် Social Work Institution တည်ထောင် ဖွင့်လှစ်နိုင်ရေး ညှိနှိုင်း အစည်းအဝေး အား ဆက်လက် ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီးက ပြည်သူလူထု အတွက် လူမှုဝန်ထမ်း လုပ်ငန်းများ ဆောင် ရွက်နေသော အဖွဲ့အစည်းများ ထံမှ ဝန်ဆောင်မှုများနှင့် အတူ အကူအညီ ရယူသူများ၏ အကျိုး ဖြစ်ထွန်းမှုကို အာမခံချက် ပေးနိုင်ရန် Social Work Institute တစ်ခုကို ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ရေး အတွက် စနစ်ကျသော ဖွဲ့စည်းပုံ ရေးဆွဲရန် လိုအပ်ချက်များ၊ သင်ကြားရေး ဆိုင်ရာ လူသား အရင်းအမြစ် ရရှိရေးအတွက် လေ့ကျင့်ပေးနိုင်ရန် အစီအစဉ်များ၊ လူမှု ဝန်ထမ်းဆိုင်ရာ ဥပဒေ ပေါ်ပေါက်ရေး ဆောင်ရွက်မှုများကို ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment