နေပြည်တော် ဇန်နဝါရီ ၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ ၀င်းမြတ်အေးသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန် ရှိသူများနှင့် အတူ ဇန်နဝါရီ
(၆)ရက်တွင် ရခိုင်ပြည်နယ် မောင်တောဒေသ မြောက်ပိုင်းရှိ ရွက်ညိုတောင်ရွာ၊ သရက်အုပ်ရွာ၊
ဇင်ပိုင်ညာရွာ၊ ကျွဲထားပြင်ရွာ၊ သာဇေကုန်းရွာ၊ ဟော်ရီတူလ္လာရွာ၊ ဖူခါလီရွာ၊ လှဖိုးခေါင်ရွာ၊
ကျောက်ပြင်ဆိပ်ရွာ၊ ဒါးကြီးစားရွာများသို့ သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံကာ ၎င်းတို့၏
ကြုံတွေ့ နေရသော အခက်အခဲများ၊ လိုအပ်ချက်များ၊ မိသားစုအတွင်း ကျန်းမာရေး၊ ပညာရေးနှင့်
စားဝတ်နေရေး ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးသည်။
ကျန်းမာရေးနှင့် ပတ်သက်၍ လက်ရှိ အခြေအနေတွင် ဆိုးရွားသော အာဟာရ ချို့တဲ့ ကလေးငယ်များ
မရှိကြောင်းနှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု
ပေးရန် ကိစ္စရပ်များ၊ လက်ရှိတွင် လုပ်ငန်းခွင်သို့ ၀င်ရောက်လျှက် ရှိပြီး တက္ကသိုလ်ပညာ
ဆက်လက ဆည်းပူးနိုင်ရေး အတွက် လိုအပ်ချက်များ၊ နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ
ဖွံ့ဖြိုး တိုးတက်ရေး သင်တန်းကျောင်းသို့ ၀င်ခွင့် ရရှိရေး ကိစ္စရပ်များနှင့် လက်တလော
စားနပ်ရိက္ခာ လိုအပ်မှု အခြေအနေများကို ညှိနှိုင်း ဆောင်ရွက်ပေးသည်။
နိုင်ငံတော် အစိုးရအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး
ဝန်ကြီးဌာနနှင့် ပြည်နယ် အစိုးရအဖွဲ့တို့မှ ပဋိပက္ခ ဖြစ်ပွားခဲ့သော ဒေသအားလုံးသို့ ကူညီ
ထောက်ပံ့မှုများ ရောက်ရှိရေး ဆောင်ရွက်လျှက် ရှိပါကြောင်းနှင့် လိုအပ်သော အချိန် အတိုင်းအတာ
အထိ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ဆက်လက် ထောက်ပံ့မည် ဖြစ်ကြောင်း အားပေးစကား
ပြောကြားပြီး ကျေးရွာ လူဦးရေ အလိုက် ဆန်၊ ပဲနှင့် ကလေးငယ်များ အတွက် အာဟာရမုန့်၊ ကစားစရာ
အရုပ်များကို ပေးအပ်သည်။
ခရီးစဉ်အတွင်း လူမှု ကာကွယ် စောင့်ရှောက်မှု လိုအပ်သော ကိုယ်ဝန်ဆောင် မိခင်နှင့်
မိသားစု များအား တိုက်ရိုက် ငွေကြေး ထောက်ပံ့မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ယနေ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနက ထောက်ပံ့မှု စုစုပေါင်း
တန်ဖိုးမှာ ကျပ် (၁၀၁)သိန်းခန့် ဖြစ်သည်။
(သတင်းစဉ်)

No comments:
Post a Comment