Sunday, January 8, 2017

အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဖယ်ခုံမြို့နယ် ပြည်သူလူထုများနှင့် တွေ့ဆုံ



ဖယ်ခုံ ဇန်နဝါရီ ၇
အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် တာဝန် ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ဖယ်ခုံမြို့နယ် ထင်းရူးကုန်း ကျေးရွာတွင် ခွင့်ပြု ရန်ပုံငွေကျပ် သိန်း (၆၃၀)ဖြင့် ဆောက်လုပ်လျှက် ရှိသော ကျေးလက် ကျန်းမာရေး ဌာနခွဲသို့ သွားရောက် ကြည့်ရှု စစ်ဆေးပြီး ဖယ်ခုံမြို့နယ် ခန်းမဆောင်တွင်   မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပြည်သူလူထုများနှင့် တွေ့ဆုံသည်။

အခမ်းအနားတွင် အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌက  အမှာစကားပြောပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်က ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြသည်။ ထို့နောက် ဒေသခံ တိုင်းရင်းသားများက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လိုအပ်ချက်များကို တင်ပြကြသည်။
ထို့နောက် ဖယ်ခုံမြို့ မြို့ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အတွက် အလှူငွေ ကျပ် (၂၅)သိန်းကို တာဝန်ရှိသူများထံ ပေးအပ် လှူဒါန်းသည်။
ယင်းနောက် မိုးဗြဲကျေးရွာအုပ်စု ညောင်ဝိုင်း ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဆရာတော် သံဃာတော်များကို လှူဘွယ်ဝတ္ထုနှင့် ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ မိုးဗြဲခန်းမဆောင် တည်ဆောက်မည့် မြေနေရာအား သွားရောက် ကြည့်ရှုသည်။ ထို့နောက် အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ် ဆရာမကြီး၊ ဆရာ/ ဆရာမများနှင့်တွေဆုံ၍ တင်ပြချက်များ အပေါ် ပေါင်းစပ် ညှိနှိုင်းပေးသည်။ ယင်းနောက် ရှေးဟောင်းသမိုင်းဝင် မွေတော်ဓါတ်စစ် စေတီတော်နှင့် နှီးဘုရားတို့ကို ဖူးမျှော် ကြည်ညိုကာ အလှူငွေများ ပေးအပ်လှူဒါန်းသည်။ 
အလားတူ  ဇန်န၀ါရီ ၅ ရက်   မွန်းလွဲ ၂ နာရီက အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌသည် ဖယ်ခုံမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း( ခွဲ)သို့ ရောက်ရှိပြီး ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့်  (၁၃၀ × ၃၀)ပေ RC နှစ်ထပ်ဆောင်နှင့် အုတ်ညှပ်(၉၀ x ၃၀) ပေ အဆောင်များ တည်ဆောက်နေမှု  အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) မြတ်သိန်းသန်း ခန်းမဆောင်တွင် ကျောင်းအုပ် ဆရာမကြီး၊ ဆရာ/ ဆရာမများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားပြီး တင်ပြချက်များ အပေါ် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။ ဖယ်ခုံ(ပြန်/ဆက်)

No comments:

Post a Comment