Tuesday, January 17, 2017

ပျောက်ဆုံးနေသည့် ရာအိမ်မှုးဟောင်း ပြန်လည် တွေ့ရှိ၊ အစိုးရ သတင်းပေးဟု စွပ်စွဲကာ နှိပ်စက် ညှင်းပမ်းခဲ့ခြင်းဖြစ်



ဇန်နဝါရီ ၁၄ ရက် ည ၁၁နာရီတွင် မောင်တောမြို့နယ် ရဲအောင်ချောင်းကျေးရွာနေ ပုဇွန်ကန် လုပ်ငန်းလုပ်သူ ရာအိမ်မှုးဟောင်း ဖွေယာ(ခ) ဖွေယာဇူဟောက်အား ဘောင်းဘီအနက်ရောင်များဝတ်ဆင်ထားသည့် မူဆလင် ၄ ဦးက ပုဇွန်ကန်အား လာရောက် ဝယ်ယူခြင်းဖြစ်ပြီး လိုက်ခဲ့ရန် ခေါ်ဆောင်သွားခဲ့၍ ပျောက်ဆုံးနေခဲ့ရာမှ ဇန်နဝါရီ ၁၅ ရက် သန်းခေါင်ယံတွင် ပြန်လည်တွေ့ရှိခဲ့သည်။ ရာအိမ်မှူးဟောင်း ဖွေယာပျောက်ဆုံးနေခဲ့မှုနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ဇန်နဝါရီ ၁၅ ရက် ည ၁၁ နာရီ ၃၆ မိနစ်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များအား မော်လဝီကျေးရွာတာဝန်ခံ ဦးလှသိန်းက ပျောက်ဆုံးနေသော ဖွေယာ ( ခ) ဖွေယာဇူဟောက်သည် ဖာရီကျေးရွာရှိ ဆွေယော့တူဆင်း၏ နေအိမ်အတွင်း ရောက်ရှိနေကြောင်း ဖုန်းဆက်အကြောင်းကြားလာသဖြင့် နယ်မြေရုံးသို့ ခေါ်ယူခဲ့သည်။
ဖွေယာ၏ ပြောပြချက်အရ ၎င်းအား ရဲအောင်ချောင်းရွာ၏ အရှေ့တောင်ဘက် မဲဒီကျေးရွာအနီး ရှိတောလမ်းအတိုင်း ခေါ်ဆောင်သွားခဲ့ပြီး ကျွန်းပေါက်ပြုစုမြောက်ရွာအဝင်လမ်းတွင် မျက်နှာအား ပုဝါစီး၍ နေအိမ် တစ်လုံးသို့ခေါ်ဆောင်သွားခဲ့သည်။
၎င်းနောက် လူ ၁၀ဦးခန့်မှ ထိုးနှက် ကန်ကျောက် ရိုက်နှက်ကြပြီး ကျေးရွာ အုပ်ချုပ်ရေးမှုး အဖွဲ့များ ဖြင့် ပူးပေါင်းကာ တာဝန်ရှိသူများအား သတင်းပေး ဆောင်ရွက်နေသည့် အတွက် အပြစ်ပေးခြင်း ဖြစ်ကြောင်းနှင့် ငွေမည်မျှ ပေးနိုင်မလဲဟု မေးခဲ့ကြောင်း ပြောကြားခဲ့သည်။
၎င်းအား ည၈ နာရီခွဲတွင် မျက်နှာအား ပုဝါစည်း၍ ကျောက်ချောင်းကျေးရွာ လမ်းခွဲအထိ လူ ၄ ဦး ကပြန်ပို့ခဲ့ပြီး လူစု ခွဲထွက်သွားကြောင်း သိရသည်။
ဖွေယာ၏ ကျောအလယ်တွင် ဓားဦးချွန်ဖြင့် ထိုးစိုက်ခံရသည့် အတွက် ၁ လက်မ အကျယ်၊ အနက် ၂ စင်တီမီတာ ပြဲရှ ဒဏ်ရာတစ်ခု တွေ့ရှိရပြီး ဖမ်းဆီး ခေါ်ဆောင် သွားသူများအား တရားဥပဒေအရ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ)

No comments:

Post a Comment