Tuesday, January 17, 2017

(၁၇) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံ အကြို ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပ



နေပြည်တော် ဇန်နဝါရီ ၁၇
(၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံ အကြိုညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်  (၉) နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) ၌ ကျင်းပရာ သဘာပတိအဖြစ် တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့်က ဆောင်ရွက်ပြီး၊ သဘာပတိအဖွဲ့ဝင်များ အဖြစ် တိုင်းရင်းဆေး ကောင်စီဝင် ဦးသိန်းဝင်းနှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာ အသင်းဝင် ဦးကျော်စိန် တို့မှ ဆောင်ရွက်သည်။

အခမ်းအနားတွင် သဘာပတိ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရီရီမြင့်က ညီလာခံ၌ တင်သွင်းမည့် အဆိုပြုချက်၊ ထောက်ခံချက်များသည် ပြည်သူ တစ်ရပ်လုံးအတွက် အမှန်တကယ် အကျိုးရှိသော အဆိုပြုချက်နှင့် ထောက်ခံချက်များ ဖြစ်ရန် လိုအပ်ပါကြောင်း၊
(၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံ၏ အဆိုပြုချက်နှင့် ထောက်ခံချက်များအား မည်မျှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ကိုလည်း ပြန်လည် သုံးသပ်ရန် ဖြစ်ပါကြောင်း၊
တိုင်းရင်းဆေးပညာ ဦးစီးဌာနအနေဖြင့် မျက်မှောက်ခေတ် အခြေအနေအရ တိုင်းရင်းဆေး လောကသားများ သိသင့်သည့် အချက်များကို ဝိုင်းဝန်း ဆွေးနွေးခဲ့ပြီး ညီလာခံတွင် တင်ပြသင့်သည့် အချက်များအား အဖွဲ့ငယ်များ ဖွဲ့စည်းပြီး ပါဝင်သင့်သော ပညာရှင်ကြီးများအား သီးခြားစီ တွေ့ဆုံကာ ဆွေးနွေး ပြုစုထားပါကြောင်း ယခုကဲ့သို့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသော နယ်ပယ် အသီးသီးမှ ကျွမ်းကျင်သူများ အားလုံးကို ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ညီလာခံ ကိုယ်စားလှယ်များသည် အုပ်စု(၅)စု ခွဲ့ကာ ညီလာခံတွင် တင်သွင်းမည့် အဆိုပြုချက်များအား လည်းကောင်း၊ အဆိုပြုချက် တစ်ခုချင်းစီအတွက် ရှေ့လုပ်ငန်းစဉ်များ (Action Plans) ပေါ်ထွက်လာစေရန် လည်းကောင်း၊ အုပ်စုများ အလိုက် ဆွေးနွေးကြကာ ရှေ့လုပ်ငန်းစဉ်များ (Action Plans) တစ်ခုချင်းစီ အတွက် တင်ပြမည့် ပုဂ္ဂိုလ်များ ရွေးချယ်ခဲ့ကြပြီး ဆွေးနွေး တင်ပြမှုများအပေါ် ညွှန်ကြားရေးမှူးချုပ်က လိုအပ်ချက်များကို ဖြည့်စွက် ပြောကြားခဲ့သည်။
(၁၇)ကြိမ်မြောက် မြန်မာတိုင်းရင်းဆေး သမားတော်များ ညီလာခံကို ဇန်နဝါရီ ၁၈ ရက်တွင် လည်းကောင်း၊ မြန်မာ့တိုင်းရင်းဆေး ပညာရှင်များ နှီးနှောဖလှယ်ပွဲကို ဇန်နဝါရီလ ၁၉ ရက်တွင် လည်းကောင်း၊ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ တွင် ကျင်းပမည် ဖြစ်သည်။ ညီလာခံတွင် ပြည်သူလူထု အကျိုးပြု အဆိုပြုချက် (၅)ခုကို တင်ပြဆွေးနွေးကြမည် ဖြစ်ကာ နှီးနှောဖလှယ်ပွဲတွင် အဆိုပြုချက်(၅)ခု၏ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေး အတည်ပြုကြမည် ဖြစ်ပြီး၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်ခြင်းနှင့် ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် စာတမ်း၊ တိုင်းရင်းဆေးဆိုင်ရာ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်နှင့် Nagoya Protocol သဘောတူညီချက် စာတမ်းများကို စာတမ်းရှင်များက တင်ပြ ဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment