Thursday, January 5, 2017

မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် အစည်းအဝေး (၁/၂၀၁၇) ကျင်းပ


နေပြည်တော် ဇန်န၀ါရီ ၅
ရခိုင်ပြည်နယ် မောင်တောဒေသ၌  ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုများ နှင့်ပတ်သက် သည့် မောင်တော ဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် အစည်းအဝေး (၁/၂၀၁၇) ကို ယနေ့ ညနေ ၃ နာရီတွင် နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက  ကော်မရှင်၏ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက် နေစဉ်အတွင်း မောင်တော ဒေသ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ စွပ်စွဲချက်အမျိုးမျိုး၊ ကောလာ ဟလအမျိုးမျိုးတို့သည် အမှန်တကယ် မြေပြင်အခြေအနေများနှင့် ကွဲပြားခြားနားစွာ ပေါ်ထွက်လာမှုများရှိနေ ကြောင်း၊ သို့ဖြစ်၍ မောင်တောဒေသ၏ အခြေအနေမှန်များကို သိရှိစေရန် ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာကို ဇန်န၀ါရီလ ၃ ရက်တွင် တင်ပြပြီး  အများပြည်သူသိရှိနိုင်စေရန် ထုတ်ပြန်ခဲ့ကြောင်း၊ ဆက်လက်ပြီး မိမိတို့ ကော်မရှင်အနေဖြင့် လိုအပ်သောစုံစမ်းစစ်ဆေးမှု ထပ်မံပြုလုပ်ပြီး ကော်မရှင်၏ အပြီး သတ် အစီရင်ခံစာကို သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးအောင်ပြုစုရေးသားသွားရမည်ဖြစ်ကြောင်း၊ ယင်းအစီရင်ခံစာ၌ ပြည့်ပြည့်စုံစုံ မှန်ကန် မျှတစွာရေးသားရန် တာဝန်ရှိကြပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင်၏ (၃/၂၀၁၆) အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်းကို အတည်ပြုကြသည်။
ယင်းနောက်  ကော်မရှင်အဖွဲ့ဝင် ရဲချုပ်ဇော်ဝင်းက မောင်တောဒေသအတွင်း အကြမ်းဖက်ဖြစ်စဉ်ဖြင့် အမှုဖွင့် အရေး ယူထားရှိမှုများ၊ မောင်တောဒေသအတွင်း မူးယစ် ဆေးဝါး တိုးတက်များပြားစွာ ဖမ်းဆီးရမိမှု အခြေအနေများနှင့် မောင်တောဒေသဖြစ်စဉ် များ၏ ဆက်စပ်နိုင်မှုကို  ရှင်းလင်းတင်ပြသည်။
ထို့နောက် ကော်မရှင်အတွင်းရေးမှူး ဦးဇော်မြင့်ဖေ က အစီရင်ခံစာရေးသားပြုစု ပြီးစီးမှုအခြေအနေများ၊ ထပ်မ ဖြည်စွက်ရန်လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ နာယက၊ အငြိမ်းစားသံအမတ်ကြီး ဦးလှမောင်က မိမိတို့ မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ စုပေါင်းနေထိုင်သော နိုင်ငံဖြစ်သည်နှင့်အညီ မိမိတို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လှည့်လည်ကွင်းဆင်း၍ ဘာသာရေးခေါင်းဆောင်များနှင့် ထိတွေ့ဆွေးနွေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်သို့လည်း မိမိတို့အဖွဲ့အနေဖြင့် သွားရောက်ထိတွေ့နိုင်ရန် စီစဉ်လျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ်၌ ပဋိပက္ခဖြစ်ရခြင်း၏ အကြောင်းအရင်းများစွာအနက် အဓိက အကြောင်းတစ်ရပ်မှာ စီးပွားရေးမဖွံ့ဖြိုး မတိုးတက်ဘဲ လူနေမှုအဆင့် အတန်း နိမ့်ကျ နေခြင်းပင်ဖြစ်ကြောင်း၊ ညီညွတ်မှု၊ ငြိမ်းချမ်းမှု၊ နားလည်မှု၊ ဖွံ့ဖြိုးမှုတို့ကို လုပ်ဆောင်နိုင်ရန် အရေးကြီးသည်ဟု ထင်မြင်ယူဆပါကြောင်း စသည်ဖြင့် အကြံပြု ဆွေးနွေးသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင်များက မောင်တောဒေသစုံစမ်းစစ်ဆေးရေးဆိုင်ရာ ကိစ္စရပ်များကို ၀ိုင်းဝန်းအကြံပြု ဆွေးနွေးကြရာ ဒုတိယသမ္မတက ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးသည်။
(သတင်းစဉ်)

No comments:

Post a Comment