Wednesday, January 25, 2017

ရတနာပုံတက္ကသိုလ်မှ ကလေးစာပေပွဲတော်တွင် ကြိုက်သလောက်ယူ ကြိုက်သလောက်လှူ အစီအစဉ်ဖြင့် ပါဝင်မည်

မန္တလေး ဇန်နဝါရီ ၂၄
ရတနာပုံတက္ကသိုလ် UCGA အဖွဲ့က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြန်မာ့သတင်းအချက်အလက် နည်းပညာ တက္ကသိုလ် MIIT ၌ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် ကလေးစာပေပွဲတော်တွင် ကလေးများအတွက် အသိပညာ ဗဟုသုတများရရှိစေမည့် သုတရသ စာအုပ်ပေါင်း ၅ဝဝဝ ကျော်ကို ကြိုက်သလောက်ယူ ကြိုက်သလောက်လှူ အစီအစဉ်ဖြင့် မျှဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''ကလေးတွေကို စာဖတ်တဲ့ အလေ့အကျင့် ကောင်းတွေရရှိစေဖို့ ဒီပွဲတော်ကို အဓိကစီစဉ်ပေးသလို ကျွန်တော်တို့ အဖွဲ့ကလည်း တတ်နိုင်တဲ့ဘက်က ဖြည့်ဆည်းဆောင်ရွက်ပေးတာပါ။ ကလေးတွေ စိတ်ဝင်စားတဲ့ စာအုပ်တွေကို ကြိုက် သလောက်ယူနိုင်ပြီး တတ်နိုင်သလောက်ပဲ လှူဒါန်းသလို ပေးခဲ့ပါ။ ရရှိလာတဲ့ ရန်ပုံငွေတွေကိုလည်း ရတနာပုံတက္ကသိုလ် သန့်ရှင်းလှပရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူလှူဒါန်းသွားမှာ ပါ''ဟု အဆိုပါအဖွဲ့မှ ကိုလှမင်းဦး(နောင်-ရူပ)က ပြောသည်။
ထို့ပြင် ၎င်းအဖွဲ့က ကလေးစာပေကျင်းပရာ မြန်မာ့သတင်းအချက် အလက်နှင့် နည်းပညာတက္ကသိုလ်တွင် ကျန်ရစ်ခဲ့သည့် အမှိုက်သရိုက်များ ကိုလည်း ပွဲတော်အပြီးတွင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် လည်း စီစဉ်ထားသည်။
အဆိုပါ UCGA (University Clean & Green Association) အဖွဲ့သည် ရတနာပုံတက္ကသိုလ်၌ အပတ်စဉ် သောကြာနေ့တိုင်း အမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment