Tuesday, January 24, 2017

ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ပုဂံရှေးဟောင်းဘုရားနှင့် စေတီပုထိုးများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်န၀ါရီ ၂၄
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်းဘုရားနှင့် စေတီပုထိုးများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်နှင့် ညောင်ဦး ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်တို့က ငလျင်ဒဏ်ကြောင့် ပုဂံဘုရားများပျက်စီးခဲ့မှု၊ အသေးစိတ်စာရင်း ကောက်ယူထားရှိမှု၊ ရှေးဟောင်းမူလလက်ရာအတိုင်း ထိန်းသိမ်းရန် ဆောင်ရွက်နေမှု၊ လက်ရှိလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းလိုအပ်ချက် များကိုလည်းကောင်း၊ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုဒေသအတွင်း ဇုန်နယ်နိမိတ်များသတ်မှတ်ရေးနှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း ၀င်ရောက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရှေးဟောင်းအမွေ အနှစ်များကို ထိန်းသိမ်းခြင်းသည် သက်မဲ့ပစ္စည်းအဟောင်းများကို ထိန်းသိမ်းခြင်း မဟုတ်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် ဆက်စပ်မှုရှိသည့် အတွက် ထိန်းသိမ်းခြင်းဖြစ်ကြောင်း၊ အတိတ်သမိုင်းတွင် ဂုဏ်ယူစရာများရှိသကဲ့သို့ ဂုဏ်ယူစရာမကောင်းသည့် အချက်များကိုလည်း  သင်ခန်းစာယူနိုင်ပါကြောင်း။
သမိုင်းနှင့် ယဉ်ကျေးမှု၏ အခြေအမြစ်ကိုနားလည်ရန် အရေးကြီးပါကြောင်း၊ သို့မှသာ မည်သည့်အရာများကို ထိန်းသိမ်း သင့်သည်၊ ပြုစုပျိုးထောင်သင့်သည်၊ ပြောင်းလဲသင့်သည်ကို ဆုံးဖြတ်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံရှိ တစ်ကမ္ဘာလုံးက သိသည့် ရှေးဟောင်းဒေသ ပုဂံမြို့ဟောင်းရှိ စေတီတော်များကို ဘာသာရေးအရ ဖူးမြော်ကြသကဲ့သို့ ယဉ်ကျေးမှုအရ စိတ်ဝင်စား၍ လာရောက်လေ့လာသူများလည်း ရှိပါကြောင်း၊ ထိုသို့ လာရောက်လေ့လာခြင်းသည် ဒေသ၏ဖွံ့ဖြိုးရေးကို အားပေးရာရောက်ပါကြောင်း။
ပုဂံယဉ်ကျေးမှုဒေသအတွင်း ဇုန်များသတ်မှတ်ရာတွင် ဒေသခံပြည်သူများ လက်ခံနိုင်သည့် ပုံစံဖြင့်ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုသည် စဉ်းစားဉာဏ်နှင့် ဆင်ချင်တုံတရားရှိပါကြောင်း၊ ပြည်သူကို သေသေ ချာချာရှင်းပြပါက အကျိုးအကြောင်း ညီညွတ်လျှင် ပြည်သူကလက်ခံမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဇုန်သတ်မှတ်မှုကို ရာနှုန်းပြည့်ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ လူထုအတွက် အဆင်ပြေရန် လိုအပ်ပြီး ယဉ်ကျေးမှုထိန်းသိမ်းရေးအတွက်လည်း ထိရောက်မှုရှိရမည်ဖြစ်ပါကြောင်း။
ရှေးဟောင်းအမွေအနှစ်များကို ယခင်ပုံစံအတိုင်း တတ်နိုင်သမျှ အနီးစပ်ဆုံးဖြစ်အောင် ထိန်းသိမ်းရန်လိုကြောင်း၊ သမိုင်းကို အမှန်အတိုင်း ကြည့်နိုင်မှ မိမိတို့၏ ပစ္စုပ္ပန်ကို အမှန်အတိုင်း တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့၏ယဉ်ကျေးမှုကို ကောင်းမွန်စွာ ထိန်း သိမ်းခြင်းသည် နိုင်ငံ၏ရေရှည်အကျိုးကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မင်္ဂလာစေတီ၊ စိုးမင်းကြီး ဘုရားနှင့် စေတနာကြီးဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

(သတင်းစဉ်)

No comments:

Post a Comment