Wednesday, January 25, 2017

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေး ထိုင်းနိုင်ငံ ချင်းမိုင်၌ ပြုလုပ်

ရန်ကုန် ဇန်နဝါရီ ၂၄
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ မွန်ပြည်သစ်ပါတီနှင့် SSPP အပါအဝင် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် ပါဝင်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မရေး ထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့မှ ခေါင်းဆောင်များ အပါအဝင် ကိုယ်စားလှယ် ၃ဝ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယခု ကျင်းပသည့် အရေးပေါ် အစည်းအဝေး မပြုလုပ်မီ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် H.E Mr. Sun Guoxiang နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့မျာ ဖြစ်ကြသည့် KIA ၊ TNLA ၊ AA နှင့် MNDAA (၄) ဖွဲ့တို့သည် တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံခဲ့ကြသည်။
ယခုကဲ့သို့ UNFC ၏ အရေးပေါ်အစည်းအဝေးကို ကျင်းပရခြင်းသည် တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံခဲ့သည့် အစီရင် ခံစာအား UNFC ၏ ဒုတိယ ဥက္ကဋ္ဌနှင့် ကိုယ်စား လှယ်များထံသို့ တင်ပြနိုင်ရန်အတွက်လည်းဖြစ်ကြောင်း သိရသည်။
အရေးပေါ်အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ရန် ဆွေးနွေးခြင်းနှင့် သဘောထားချမှတ်ခြင်းများကို ပြုလုပ်ခဲ့သည်။
ယင်းအပြင် နိုင်ငံတော်၏အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရန်ပုံငွေဆိုင်ရာ ပေါင်းစည်းညှိနှိုင်းရေး အဖွဲ့ -JCB ၏ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခြင်း၊ ဦးအောင်ကြည် ဦးဆောင်သည့် ငြိမ်းချမ်းရေးအကြံပေး ကော်မရှင်နှင့် UNFC ကိုယ်စားလှယ်အဖွဲ့ဖြစ်သော DPN တို့ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးပြီးနောက် UNFC မှ ပြန်လည် ပြင်ဆင်ထားသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲရေး ကော်မတီ JMC ၏ လုပ်ငန်းလမ်းညွှန်အား တင်ပြခြင်းနှင့် အတည်ပြုချက် ရယူခြင်း၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပြန်လည်ထားရှိရန် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်သည့် KIA, TNLA, AA နှင့် MNDAA လက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေး လုပ်ဆောင်မှုအတွက် ပြည်ထောင်စုအစိုးရနှင့် တွေ့ဆုံရန်ဆန္ဒရှိပြီး ယင်းတို့အနေဖြင့် အစိုးရနှင့် တွေ့ဆုံရန်အတွက် အဆင်သင့်ဖြစ်နေကြောင်းကို ဇန်နဝါရီ ၂၃ ရက်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားပြီးဖြစ်သည်။
ယင်းထုတ်ပြန်ချက်တွင် KIA, TNLA, AA နှင့် MNDAA တို့က ပြည်ထောင်စုအစိုးရနှင့် ၎င်းတို့တွေ့ဆုံရာတွင် UWSP ('ဝ'ပြည်သွေးစည်း ညီညွတ်ရေးပါတီ) ကိုလည်း အတူတကွတက်ရောက်ရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

(သတင်း…ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ဖိုးကျော်)

No comments:

Post a Comment