Friday, January 27, 2017

စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်လမ်းများ ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ မူကြမ်းရေးဆွဲရေး အကြံဥာဏ်ရယူခြင်း အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

မုံရွာ ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်များအတွင်းရှိ ကျေးရွာများ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကျေးလက်လမ်းများ ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာမူကြမ်း ရေးဆွဲနိုင်ရေး အကြံဥာဏ်ရယူသည့် အလုပ်ရုံ ဆွေးနွေးပွဲကို မုံရွာမြို့ King & Queen Hotel ခန်းမတွင် ဇန်နဝါရီလ (၂၇)ရက်နေ့ နံနက်(၈)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေးကို ပံ့ပိုးပေးခြင်းအားဖြင့် ကျေးလက်နေပြည်သူများကို ဝန်ဆောင်မှုများနှင့် လိုအပ်ချက်များကို မြှင့်တင်ပေးနိုင်ရန် ကျေးလက်ဒေသ လမ်းများဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ ရေးဆွဲရေး စီမံကိန်းအား အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ နည်းပညာအကူအညီ ရယူပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းပြီး (၂ဝ၃ဝ)ခု ဘဏ္ဍာရေး နှစ်အထိ (၁၅)နှစ်အတွက် ကျေးလက်လမ်းများအား ရာသီမရွေး သွားလာနိုင်သော လမ်းများဖြစ်စေရန်အတွက် အကြံဥာဏ်ရယူသည့် ဆွေးနွေးပွဲ ဖြစ်ကြောင်း သိရသည်။
'' ကျေးလက်လမ်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်နေပါတယ်၊ ကျေးလက်လမ်းတွေ ဖွံ့ဖြိုးဖို့ အတွက် (ADB)ဘဏ်က နေပြီးတော့ နည်းပညာပံ့ပိုးကူညီပြီး ကျေးလက်လမ်းတွေဖွံ့ဖြိုးအောင်လို့ အလုပ်ရုံ ဆွေးနွေးပွဲတွေ၊ မဟာဗျူဟာမူဘောင်ရေးဆွဲခြင်းတွေကို ဆောင်ရွက်နေပါတယ်၊ မဟာဗျူဟာရေးဆွဲဖို့ အတွက်ကို ပထမအဆင့် နေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကြံဥာဏ်တွေ ယူခဲ့ပါတယ်၊ အခုကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲကတော့ ဒုတိယအဆင့်ဖြစ်ပါတယ်၊ အလုပ်ရုံဆွေးနွေးပွဲကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်တွေမှာ လိုက်လံပြီးတော့ အကြံဥာဏ်တွေကို တောင်းခံခြင်းဖြစ်ပါတယ်၊ ဒီမဟာဗျူဟာမူကြမ်းကို မတ်လထဲမှာ အပြီးဆောင်ရွက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ၊ နိုင်ငံတော်အဆင့်ဆင့်ကို တင်ပြသွားမှာပါ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဘဏ္ဍာရေးလျာထားတဲ့နေရာမှာ ကျေးလက်ဒေသနေလူဦးရေရဲ့ အချိုးအစားပေါ်မှာ မူတည်ပြီး လျာထားပါတယ်၊ အခုအလုပ်ရုံဆွေးနွေးပွဲတွေက ရလဒ်တွေယူပြီးတော့ ကျေးရွာရဲ့ ဆင်းရဲမှုနှုန်း၊ ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်ပေါ်မူတည်ပြီး မြန်မာနိုင်ငံအတွင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးဆို ရာခိုင်နှုန်း ဘယ်လောက် ရှိတယ်ဆိုတာကို ဒီဆွေးနွေးချက်တွေကနေ ကြည့်ပြီးလျာထားသွားမှာပါ၊ မဟာဗျူဟာရဲ့ ရည်မှန်းချက်က ကျေးရွာ(၈ဝ)ရာခိုင်နှုန်းကို ရာသီမရွေးသွားလာ နိုင်မဲ့လမ်းအဆင့်ဖြစ်အောင် လျာထားပါတယ်၊ လူဦးရေပေါ်မှာတော့ (၉ဝ)ရာခိုင်နှုန်းပေါ့၊ (၂ဝ၃ဝ)ခုနှစ် ကျော်ရင်တော့ ကျန်တဲ့ကျေးရွာတွေကို ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့် ထားပါတယ်''ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြးရေးမှူး ဦးစိုးစိုးဦးက ပြောသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းကျော်မျိုးက ကျေးလက်လမ်းများ ဖွံ့ဖြိုးရေးမဟာဗျူဟာ (ဒုတိယမူကြမ်း) ကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများ၏ သိရှိလိုသည်များကို တာဝန်ရှိ သူများနှင့်အတူ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
၎င်းဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးနှင့် တာဝန် ရှိသူများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ တိုင်းဒေ သကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး /ခရိုင် /မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူးများ၊  ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းဝေ(မုံရွာ)

No comments:

Post a Comment