Friday, January 27, 2017

ဇီဝိတဒါနသာသနာ့အထူးကုဆေးရုံကြီးအတွက် အလှူငွေများလှူဒါန်း

ဇန်န၀ါရီ ၂၆
ဇီဝိတဒါနသာသနာ့အထူးကုဆေးရုံကြီးအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို မန္တလေးမြို့၊အောင်မြေသာစံ မြို့နယ်၊ ၆၂လမ်း၊ ၁၃လမ်းနှင့် ၁၄လမ်းကြားရှိ ဇီဝိတဒါနသာသနာ့အထူးကုဆေးရုံကြီးအစည်းအဝေးခန်းမ၌ ဇန်န၀ါရီ ၂၆ ရက် နံနက် (၁၀) နာရီ က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကိုနမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး ဆေးရုံအုပ်ချုပ်ရေး ဥပဌာကအဖွဲ့ဥက္ကဌ သုဓမ္မမဏိဇောတဓရ ဦးခင်မောင်လှနှင့်သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန(မန္တလေး) ဌာနခွဲ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့က လုပ်ငန်းလွှဲပြောင်းလက်ခံခဲ့မှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမှာစကား ပြောကြားရာတွင်ဇီဝိတဒါနသာသနာ့အထူးကုဆေးရုံကြီးတွင် သံဃာတော်အရှင်သူမြတ်တို့၏ ကျန်းမာရေး လိုအပ် ချက်များကို ဖြည့်ဆည်းစောင့်ရှောက်ကုသိုလ်ယူခြင်းဖြင့် သာသနာပြုအကျိုးထူးကို ရယူဆောင်ရွက်ခြင်းသည် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ခြင်းပင်ဖြစ်၍ ၀ိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ဇီဝိတဒါနသာသနာ့ဆေးရုံကြီးအတွက် ဦးစိန်မြင့်+ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်စန်းကြူ (အဆင့်မြင့်ဒုံးပျံဂျုံစက်) မိသားစု က အလှူငွေကျပ်သိန်း(၂၀၀)၊ ဦးလှထွန်း+သီဟသုဓမ္မသိင်္ဂီ ဒေါ်စန်းစန်းဝေ (ရှမ်းပျိုမယ်တိုင်းရင်းဆေး)မှ အလှူငွေ ကျပ်သိန်း(၁၀၀)၊ ခင်းပွန်းဦးသက်ရင်(၁၇)နှစ်ပြည့်အား ရည်စူး၍ သီဟသုဓမ္မသိင်္ဂီ ဒေါ်စန်းစန်း (ရွှေပြည်သာကျောက်စိမ်း ကျောက်မျက်ရောင်းဝယ်ရေး) မိသားစုမှ အလှူငွေ ကျပ်သိန်း(၃၀) တို့အား အသီးသီးလှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများပြန်လည်ပေးအပ်သည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ဇီဝိတဒါနသာသနာ့ ဆေးရုံကြီး အဆောက်အဦးအား လှည့်လည်ကြည့်ရူ့ စစ်ဆေးကာ ဆောင်ရွက်ရန်လုပ်ငန်းများ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေး(ပြန်/ဆက်)

No comments:

Post a Comment