Monday, January 30, 2017

ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြော


စစ်တွေ  ဇန်န၀ါရီ  ၃၀
စစ်တွေမြို့နယ် ရဲတပ်ဖွဲ့နှင့် စစ်တွေလူငယ် မူးယစ်ဆေးဝါး နှိမ်နင်းရေး အဖွဲ့တို့ ပူးပေါင်းပြီး စစ်တွေမြို့ပေါ်ရှိ အခြေခံ ပညာကျောင်းများတွင် ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲကို ဇန်န၀ါရီလ ၃၀ ရက် နံနက် ၁၁ နာရီက အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မူးယစ်ဆေးဝါး အန္တရာယ်များ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ လူငယ်နှင့်မူးယစ်ဆေးဝါး အကြောင်း၊ မူးယစ်ဆေးသုံးဆွဲခြင်းကြောင့် ကျသင့်သည့် ပြစ်ဒဏ်ဥပဒေတို့ကို စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းကျော်က ရှင်းလင်းပြောကြားသည်။ ယင်းနောက် မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်သက်လွင်ဦးက ကျောင်းသား/သူများသည် နောင်တွင် ထွန်းလင်းတောက်ပလာမည့် သားကောင်းရတနာများ ဖြစ်သည့် အတွက် လူသားများကို အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးကို စမ်းသပ်မသုံးမိစေရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများ အကြောင်းကို အကျယ်တ၀င့်ရှင်း လင်းပြောကြားသည်။ ဆက်လက်၍ စစ်တွေ လူငယ်မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ လူငယ်များကမူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဆိုးကျိုးများကို သရုပ်ဖော်ပုံများဖြင့် ပညာပေးဟောပြောကြသည်။ စစ်တွေမြို့ပေါ် အထကကျောင်းများကို အဓိကပညာပေး ဟောပြော နေခြင်းဖြစ်ကြောင်း၊ ကျောင်းများတွင်လည်း အဠမတန်း၊ န၀မတန်းနှင့် ဒသမတန်း ကျောင်းသား/သူများကို ဦးစားပေး ဟောပြောခြင်းဖြစ်ကြောင်း၊ ယခုအရွယ်မှပင် မူးယစ်ဆေးဝါး၏ အန္တရာယ်များကို သိရှိထားခြင်းအားဖြင့် လူငယ်များအနေဖြင့် လမ်းမှားကို မရောက်နိုင်အောင်အသိပညာ ပေးခြင်း ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကို အသိပညာပေး ဟောပြောခြင်းဖြင့် ပပျောက်သည်အထိ မတားဆီးနိုင်သော်လည်း အသိတစ်ခုရသွားလျှင် သုံးစွဲမှုလျော့နည်းသွားမည်ဖြစ်ကြောင်း စစ်တွေလူငယ် မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့မှ မအိပိုပိုခင်က ပြောကြားသည်။ ဆက်လက်၍ မအိပိုပိုခင်က ကျောင်းတစ်ကျောင်းကို တစ်ကြိမ်ဟောပြောခြင်းဖြင့် မရနိုင်ကြောင်း တစ်ကြိမ်နှစ်ကြိမ်ပညာပေးဟောပြောမှ ကျောင်းသား/သူများတွင် အသိစိတ်များတိုးပွားလာမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။
မူးယစ်ဆေးဝါးပညာပေး ဟောပြောရေးအဖွဲ့သည် ယနေ့တွင်စစ်တွေမြို့ပေါ်ရှိ အထက(၅)၊ အထက(၂)နှင့် အထက(၄)ကျောင်းများသို့ လှည့်လည် ပညာပေးဟောပြောခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ တက်ရောက် နားထောင်ခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment